CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၀

နိုင်ငံကူးလက်မှတ်များ လျှောက်၍မရသေးခြင်းက တရားမဝင် နည်းလမ်းဖြင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်သူ ပိုမို များပြားလာနိုင်သကဲ့သို့ လူလိမ်ပွဲစားများ၏ နိုင်ငံကူးလက်မှတ် စာအုပ်အတုများလည်း ပေါများလာနိုင် ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူနှင့် ပြည်ပအလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးများအားလုံးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းအား ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားခြင်း ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအား ရပ်ဆိုင်းထားခြင်းသည် လက်ရှိ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေတို့ကြောင့် ပြည်ပသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ချင်သည့်သူများအား တရားမဝင် နည်းလမ်းဖြင့် သွားရောက်ခြင်းဆီသို့ တွန်းပို့သည့်ပုံစံဖြစ်သွားကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“အဲဒီလိုလုပ်တဲ့အတွက်ကြောင့် သူတို့အနေနဲ့က မှောင်ခိုလူကုန်ကူးတဲ့လူတွေရဲ့ သားကောင်ဖြစ်ဖို့အတွက်က ပိုပြီးတော့ နီးစပ်သွားတာပေါ့။ ပြီးတော့ လူမှောင်ခို၊ လူကုန်ကူးလုပ်တဲ့လူတွေအတွက်ကလည်း ပိုပြီးတော့ အဆင်ပြေလာတာပေါ့။ ပြောရမယ်ဆိုရင် ဒီဆက်စပ်တဲ့ဟာမှာဆိုရင် ခုနက နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ဖြစ်လာမယ်။ အများကြီးပေါ့နော်။ ဘာလို့ဆို လူတွေက သူက ရတဲ့နည်းနဲ့ သွားတော့မှာလေ။ ပတ်စပို့ကိစ္စနဲ့ မစောင့်နိုင်တော့ဘူးလေ။ ဆိုတဲ့အခါကျတော့ မမျှော်လင့်တဲ့ဟာတွေပေါ့။ မဖြစ်သင့်တဲ့ဟာတွေ ဖြစ်ဖို့ပဲ ရှိပါတယ်။ ရှေ့လျှောက်ကတော့။ ဗမာပြည်ဘက်အခြမ်းမှာ သူတို့က စနစ် ပိုမိုလွယ်ကူပြီးတော့ အဆင်ပြေတဲ့စနစ်ကို လုပ်မှာ မို့လို့ ဘာညာဆိုပြီး ပြောတာပဲ။ ဒါလည်း ကျနော်ထင်တယ် ဆင်ခြေတစ်ခုပါပဲ။ အဲဒီတော့ လွယ်အောင်မလုပ်ဘဲနဲ့ ကျနော်တို့ဆီမှာက ဆင့်ကဲ ဆင့်ကဲတွေ။ စလုပ်ကတည်းက သန်းခေါင်စာရင်းတွေ၊ မှတ်ပုံတင်တွေ၊ အခုဆိုရင် ပိုဆိုးလာတယ် OWIC ကတ်ရှိရမယ်တို့၊ နောက်ပြီးတော့ ခေါ်စာရှိရမယ်တို့။ ဒီလို ဒီစနစ်ကို ခက်ခဲအောင်လို့ လုပ်ထားတဲ့သဘော။ ခက်မှလည်း သူတို့အဆင်ပြေမှာလေ ပိုက်ဆံတောင်းလို့ ရမှာကိုး။ အစိုးရဘက်ကတော့ လက်ရှိ အာဏာရှိနေတဲ့ အစိုးရဌာနတွေအတွက်က သူတို့တွေးတာတော့ ဘယ်လိုတွေးလဲမသိ။ သူတို့ကတော့ တစ်မျိုးတွေးရင်တွေးမှာပေါ့။ လုံခြုံရေးတို့ ဘာတို့ ဒါမျိုးတွေ တွေးရင် တွေးမှာပေါ့နော်” ဟု ၎င်းက ပြောသည်။

နိုင်ငံကူးလက်မှတ်လုပ်ရန် စောင့်ဆိုင်းနေကြသူများ(ဓါတ်ပုံ-CNI)

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ မည်သည့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုပုံစံကိုမဆို ယာယီရပ်ဆိုင်း လိုက်ခြင်း ဖြစ်သော်လည်း အထူးအစီအစဉ်အနေဖြင့် MOU အလုပ်သမားအပါအဝင် ဗုဒ္ဓဂါယာ ဘုရားဖူးသွားမည့် သူများအတွက် Green Channel မှ နိုင်ငံကူးစာအုပ် လျှောက်ထားခွင့်ပြုထားခြင်းဖြစ်သည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်းများအတွက် ကုမ္ပဏီ ၁၄၃ ခု အား Black List စာရင်းသွင်းသွားမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာ၏ အကြောင်းကြားစာထဲတွင်ပါဝင်ပြီး ၎င်းအပြင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၁၃၃ ခုလည်း ပါဝင်နေသည်ကို စိစစ်တွေ့ရှိရကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်သို့ ပေးပို့သည့်အထဲတွင် ပါရှိသည်။

ထို့နောက် ဇန်နဝါရီ ၁၇ ရက်နေ့မှ စတင်ကာ Green Channel မှ တစ်ဆင့် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း အစီအစဉ်ကိုပါ ယာယီရပ်ဆိုင်းလိုက်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် နိုင်ငံကူးလက်မှတ်စာအုပ်ရမည်ဟု ပြောဆိုနေမှုများအား မယုံကြည်ကြရန်နှင့် ပြည်ပ ထွက်မည့်သူများအနေဖြင့် နိုင်ငံကူးလက်မှတ်ရုံးများ ပြန်လည်ဖွင့်လှစ်ချိန်ကိုသာ စောင့်ကြရန် ဂျပန် ပြည်ပ အလုပ်အကိုင် အေဂျင်စီတစ်ခုမှ ဒါရိုက်တာတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ပွဲစားတွေလည်း အဲဒီလောက် မလွယ်လောက်ဘူး။ အထဲဝင်ခွင့်ရဖို့ဆိုတာ အခုက တအားစိစစ်နေလို့။ ပွဲစား ဆိုရင်တောင်မှ တော်ရုံတန်ရုံ ပိုင်နိုင်ပြီး ပေါက်ရောက်တဲ့လူမျိုးမှ ရရင် ရမှာပေါ့လေ။ တော်ရုံတန်ရုံလူ ဆိုရင်တော့ မရလောက်ဘူး။ တကယ်လို့ ဒီအချိန်မှာ ရမယ်ဆိုတာမှာမှ တအားကြီး ပေးကောင်းပေးရလိမ့်မယ်။ နောက်တစ်ခု က အခုက အတုတွေဘာတွေလေ။ တချို့တွေကကြတော့ အွန်လိုင်းပေါ်မှာတွေ့ရတယ်။ အခု ပိတ်ထားတဲ့အခါ ကျမှ ပတ်စပို့တွေလုပ်ပေးမယ် လားရှိုးဘက်တွေ ဘာတွေမှာဆို။ ကျနော်ထင်တယ် အဲဒါ အတုတွေ ဖြစ်လိမ့်မယ်။ ထွက်ခါနီးကျတော့မှ immigration မှာ တွေ့ပြီးတော့ ငြိပြီးတော့ ထွက်လို့မရတာတွေ ဘာတွေဖြစ်လာလိမ့်မယ် အဲဒါတွေကလေ။ အတုတွေလည်း အခု တအားပေါ်နေတယ်။ အခု လောလောဆယ်ကတော့ တရားဝင် လမ်း ကြောင်း ပြန်ဖွင့်မှာကို စောင့်ရုံမှတစ်ပါး ဘာမှလုပ်လို့မရဘူး။ စောင့်ဖို့ပဲရှိတော့တယ်။ ကျနော်တို့တောင်မှ စောင့် နေရတာလေ။ ဘာမှလုပ်လို့မရဘူး။ အဲဒါကြောင့် တအားသွားချင်စိတ်တွေများပြီး ရတယ်ဆိုရင် မယုံပါနဲ့လို့ အဲဒါ လေးပြောချင်တာ” ဟု ၎င်းကပြောသည်။
ထိုသို့ စာရွက်စာတမ်းအတုပြုလုပ်ပါက ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ (လိမ်လည်မှု၊ စာတမ်းအမှတ်အသားအား အတုပြုလုပ်မှု)ဖြင့် အရေးယူခံရနိုင်သည့်အတွက် ပွဲစားဖြင့် နိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်ခြင်းအား သတိထား သင့်သည်။

ယခုကဲ့သို့ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုအား ရပ်ဆိုင်းထားခြင်းသည် စနစ်အသစ် ပြင်ဆင်ရေးဆွဲနေသည့် အတွက်ဟုဆိုသော်လည်း အခြားသော လုံခြုံရေးပိုင်းနှင့် ပွဲစားများအား ထိန်းချုပ်ရန်အတွက်လည်း ဖြစ်နိုင် ကြောင်း သုံးသပ်နေကြသည်။