CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀

ပြည်တွင်းစားအုန်းဆီ ဈေးကွက်အတွင်း စားအုန်းဆီ ရှားပါးလာခြင်းနှင့် လိုသလောက် ဝယ်ယူ၍ မရသည့် အခြေအနေများ ဖြစ်ပေါ်နေပြီး ဈေးနှုန်းသည်လည်း ၂ ဆခန့် မြင့်တက်လာနေသည်။

ပြီးခဲ့သည့်လတွင် စားအုန်းဆီ ၁ ပိဿာလျှင် ၆၀၀၀ ကျပ်ခန့်သာရှိသော်လည်း လက်ရှိတွင် ၁၂၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်အထိ ဖြစ်ပေါ်နေသည်ဟု စားသုံးသူပြည်သူများထံမှ သိရသည်။

ဈေးနှုန်းမြင့်တက်လာသည့်အပြင် လိုအပ်သလောက် ဝယ်ယူ၍ မရကြောင်း၊ သက်သာသည့်နှုန်းထားဖြင့် တစ် ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် လာရောက်ရောင်းချပေးနေမှုများ ရှိသော်လည်း လိုအပ်သလောက် မရကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်မှဒေသခံ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

“ဝယ်လို့တော့ ရပါပြီ။ ပြောချင်တာတော့ ဈေးလေးကြီးတာပဲ ရှိပါတယ်။ သူတို့ သတ်မှတ်တယ်ဆိုတဲ့သတင်းနဲ့ လောလောဆယ် ပကတိအခြေအနေမှာတော့ မြေပြင်မှာ ဝယ်စားနေရတဲ့ဈေးကတော့ အများကြီး ကွာပါတယ်။ တစ်ခါတရံတော့ ရှိပါတယ်၊ လမ်းဆုံလေးတစ်ခုမှာ၊ ရပ်ကွက်တစ်ခုမှာ ပေပါ တစ်လုံးတလေ တင်လာပြီးတော့ အဲဒီမှာ ဆီတွေ ရောင်းပေးမယ် လူတစ်ယောက်ကို ၅၀ သားပေါ့ တန်းစီ၊ အဲဒီလိုဥစ္စာမျိုးကတော့ ဆီ ၅၀ သားကို  ၃၀၀၀ နဲ့ ရောင်းပေးတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒါက ခဏတဖြုတ်ပဲလေ။ ပြောချင်တာက ဒီလို ရောင်းပေးနေတယ်ဆိုပြီးတော့ တကယ့်တကယ်ကျတော့ ကိုယ်လိုချင်တဲ့အချိန်၊ ကိုယ်လိုချင်သလောက် သွားဝယ်တဲ့အချိန်မှာတော့ ၁၃၀၀၊ ၁၃၅၀ တစ်ဆယ်သားကိုလေ။ ၁၄၀၀ အဲဒီလို ဝယ်ရပါတယ်” ဟု ပြောသည်။

ဈေးကွက်အတွင်း စားအုန်းဆီ ရှားပါးလာရခြင်းသည် ပြည်ပမှ စားအုန်းဆီ တင်သွင်းသည့် ပမာဏ လျော့ကျ လာခြင်းနှင့် ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို ကန့်သတ်လိုက်ခြင်းနှင့် သွင်းကုန်လိုင်စင် ခွင့်ပြုချက် မရမီ ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကုန်စည်များကို အရေးယူမည့် ကြေညာချက်ကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

ဆီအရောင်းဆိုင် မြင်ကွင်း

ဈေးကွက်အတွင်း စားအုန်းဆီကို ရောင်းချရာတွင် ဝယ်ယူတင်သွင်းထားသည့် ဈေးနှုန်း၏ ၂၀ ရာခိုင်နှုန်းထက် ပို၍ မရောင်းချကြရန်နှင့် ရောင်းချပါက အရေးယူမည်ဟု သက်ဆိုင်ရာ ပြောဆိုထားသော်လည်း ထိရောက်မှု မရှိ ဖြစ်နေသည်။

ထို့ကြောင့် အဓိကအားဖြင့် ဈေးနှုန်းမြင့်တက်လာစေရန် ဖန်တီးနေသည့် တင်သွင်းခွင့် လိုင်စင်ရထားသည့် ကုမ္ပဏီ ကြီးများနှင့် ပြန်လည်ဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ်များကို စနစ်တကျ ကိုင်တွယ်သင့်သည်ဟု ဈေးကွက် လေ့လာသုံးသပ်သူ ဦးမျိုးဟန်က CNI သတင်းဌာနသို့ ပြောသည်။
“ပြောချင်တာက ဒါကို ဆီတင်သွင်းခွင့်ရတဲ့ ကုမ္ပဏီကြီးတွေက ဘယ်ဈေးနဲ့ ရောင်းလိုက်လို့လဲ။ အချင်းချင်းမှာ နားလည်မှုနဲ့ ဈေးတင်ရောင်းသလား။ ဒါမှမဟုတ်ရင် တဆင့်ယူပြီး ပြန်ရောင်းတဲ့ လက်ကားကိုယ်စားလှယ်တွေက ဈေးတင်ချင်တာလား။ ဒါမှမဟုတ် လက်လီဆိုင်တွေကပဲ ဆီတစ်ပိဿာကို ၆၀၀၀ နဲ့ ဝယ်ပြီးတော့ သူတို့က တစ်ပိဿာကို ၁၂၀၀၀၊ ၁၃၀၀၀ နဲ့ ရောင်းနေတာလား။ ဒါက လက်လီသမားက တစ်ဦးတည်း လုပ်နေတာ မဟုတ်ဘူး။ လက်လီသမားက အများစုဖြစ်တဲ့အတွက် အဲဒီလက်လီသမားက ဒီဈေးကွက်ကို အဲဒီလိုကြီးဖြစ်အောင် မဖန်ဆင်းနိုင်ဘူးလို့ သဘောပေါက်တယ်။ ဒီဈေးကွက်ကြီး ဒီလိုဖြစ်အောင် ဖန်ဆင်းနိုင်ခြင်းက လက်ကား သို့မဟုတ်ရင် ဝယ်ယူတင်သွင်းခွင့်ရတဲ့သူ import လိုင်စင်ရသူများကသာလျှင် ဒီကိစ္စကို ဖန်ဆင်းနိုင်မယ်။ အဲဒီ ၂ ချက်လုံးကို ချုပ်ကိုင်လိုက်ရင် စနစ်တကျ ကိုင်တွယ်လိုက်မယ်ဆိုရင် ရပါတယ်။ လက်လီရောင်းတဲ့သူတွေကြောင့် တော့ ဒီဈေးကွက်က ဘယ်တော့မှ ဒီလောက် မြင့်မားမသွားနိုင်ဘူး။ အဲဒီလက်ကြီးနဲ့ ဝယ်ယူတင်သွင်းခွင့်ရတဲ့ import ကုမ္ပဏီကြီးတွေကသာလျှင်၊ လိုင်စင်ရ ကုမ္ပဏီကြီးတွေကပဲ ဒီဈေးကို ဖန်ဆင်းတာ ဖြစ်တယ်ဆိုတာ အဖြေက ရှင်းပါတယ်” ဟု ပြောသည်။ 

ပြည်တွင်းတွင် တစ်နှစ်လျှင် စားသုံးဆီ တန်ချိန် ၃ သိန်းခန့် ထုတ်လုပ်လျက်ရှိနေပြီး စားသုံးမှုအနေဖြင့် တန်ချိန် ၁၂ သိန်းခန့် ရှိသည့်အတွက် ပြည်ပမှ တန်ချိန် ၉ သိန်းကျော် နှစ်စဉ် တင်သွင်းနေရသည်ဟု ကုန်သွယ်ရေး ဦးစီးဌာနထံမှ သိရသည်။

အဓိကအားဖြင့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းပြီး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ခန့် နှစ်စဉ်တင်သွင်းနေရခြင်း ဖြစ်သည်။