CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀

မလေးရှားနိုင်ငံတွင် RTK 3.0 ပါမစ် ပြုလုပ်ပေးမည်ဟု အများအပြားပြောဆိုနေကြသော်လည်း အစိုးရဌာန ဆိုင်ရာများ၊ မလေးရှားသတင်းဌာနများမှ တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများနှင့် ပရဟိတအဖွဲ့အစည်းများမှ CNI သတင်းဌာနသို့ ပြောသည်။

RTK 2.0 အား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်ပေးခဲ့ပြီး ယခုဇွန်လကုန်တွင် ပါမစ်စတစ်ကာ များကို အပြီးသတ်ထုတ်ပေးသွားမည် ဖြစ်သည်။

ထို့ကြောင့် ဇွန်လကုန်တွင် RTK 3.0 ထပ်မံဖွင့်ပေးမည်ဟု ပွဲစားများမှ ခန့်မှန်းပြောဆိုနေကြခြင်းဖြစ်ကြောင်း မလေးရှားတွင်နေထိုင်လျက်ရှိသည့် မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။ 

“အခုဟာက RTK 3.0 ဆိုတာက ပွဲစားတွေပဲ ပါးစပ်ထဲမှာလျှောက်ပြီးပြောနေတာပဲ ရှိတယ်။ ဒါ မလေးရှား ဘက်က လုံးဝသတင်းဌာနတွေ ပြီးတော့ ဌာနဆိုင်ရာတွေက မပြောသေးပါဘူး။ အခုလောလောဆယ်က ဘယ်လိုဖြစ်နေလဲဆိုတော့ ပွဲစားတွေက လူရရေးနဲ့ စာအုပ်တွေလက်ခံပြီးတော့ ပိုက်ဆံတွေ deposit တောင်းတာတွေ၊ ဘယ်ရက်ထွက်မယ်၊ ဘယ်ရက်ထွက်မယ်ဆိုပြီးတော့ deposit ယူပြီးတော့ ဒါတွေပဲရှိတယ် လောလောဆယ်မြင်တွေ့နေရတာက။ လက်ရှိအခြေအနေကတော့ ဒီမှာလည်း အလုပ်တွေက အရမ်းရှားပါးနေတဲ့ ကာလကြီးလည်းဖြစ်တယ်။ လူဦးရေလည်း တအားထူထပ်နေတဲ့အတွက် လုပ်ပေးဖို့ကတော့ အတိုင်းအဆတစ်ခု မရှိပါဘူး။ လောလောဆယ် အော်ပရာစီတွေကလည်း မပြီးဆုံးသေးဘူးလေ။ ဖမ်းနေတုန်းဆိုတော့ ဒီ 3.0 ကတော့ လုပ်ပေးမယ်ဆိုရင်တောင် ကြာဦးမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံသည် တရားမဝင်လုပ်သားများအား လျှော့ချသည့် အစီအစဉ်ကို အမြဲပြုလုပ်နေကြဖြစ်သော်လည်း ယခင်နှစ်များထက် ယခုနှစ်ဖမ်းဆီးမှုမှာ ပိုများလာကြောင်း၊ သို့သော် ယခုရက်ပိုင်းတွင် အဖမ်းအဆီးမှာ ပြန်နည်း နေကြောင်း သိရသည်။

လက်ဗွေနှိပ်လုပ်ငန်းစဉ် လုပ်ဆောင်နေစဉ်

ထိုအခြေအနေများကြောင့် တရားမဝင်နိုင်ငံခြားသားရွှေ့ပြောင်းများအား ဆက်တိုက်ဖမ်းဆီးကာ နေရပ်ပြန်ပို့ခြင်း၊ ပါမစ်ထပ်မံထုတ်ပေးခြင်းတို့အနက် မလေးရှားအာဏာပိုင်များအနေဖြင့် မည်သို့ လုပ်ဆောင်မည်ကို ခန့်မှန်းရ ခက်ကြောင်း မလေးရှားရှိ မြန်မာနိုင်ငံသားများနှင့် ပရဟိတအဖွဲ့အစည်းများက ပြောသည်။

သို့သော် ပါမစ်စတစ်ကာ အပြီးအစီးထုတ်ပေးပြီးသည့်နောက် ဇွန်လအကုန်တွင် ဖမ်းဆီးမှုများ ကြမ်းလာနိုင်ဖွယ် ရှိသည်မှာသေချာကြောင်း နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က CNI သတင်းဌာနသို့ ပြောသည်။

RTK 2.0 ပိတ်လိုက်သည်မှာ မကြာသေးသည့်အတွက် 3.0 ထပ်ဖွင့်ပေးရန်မှာ မဖြစ်နိုင်သေးကြောင်း၊ ပါမစ် ဖွင့်ပေး သော်လည်း မြန်မာနိုင်ငံသားများမှာ မပြုလုပ်ကြသူများပြား‌ကြောင်း ၎င်းက ပြေသည်။

လက်ဗွေနှိပ်လုပ်ငန်းစဉ် လုပ်ဆောင်နေစဉ်

“လောလောဆယ် 3.0 အနေနဲ့ မလေးရှားနိုင်ငံက တရားဝင် မထုတ်‌သေးပါဘူး။ တချို့ကြတော့ မှန်းပြီးတော့သာ ပြောနေကြတာ။ 2.0 ဖွင့်တုန်းကတောင် ပါမစ်တွေ မလုပ်ကြဘူးလေ။ တချို့ဆို အလုပ်လေးကောင်းတယ်။ နေရာ ထိုင်ခင်းလေးကောင်းတယ်။ ဒီနေရာကတော့ အေးဆေးပါ ပါမစ်လုပ်စရာမလိုဘူးဆိုတဲ့ လူတွေကလည်း များတယ်။ မလုပ်ချင်တဲ့လူကတစ်ဝက်၊ လုပ်ချင်တဲ့လူကတစ်ဝက် အဲဒီလိုတွေရှိတယ် ကိုယ့်နိုင်ငံသားတွေ ကလည်း။ အလုပ်အဆင်ပြေတယ် ဘာလုပ်မှာလဲကွာ ပါမစ်ကြီးလုပ်မနေတော့ပါဘူး။ ၈၀၀၀၊ ၉၀၀၀၊ ၁၀၀၀၀ ကြီး မပေးနိုင်ဘူးဆိုတဲ့ လူတွေကလည်း များတယ်။ သူတို့အခြေအနေအရပေါ့။ နှစ်တိုင်းကတော့ ၂ နှစ်၊ ၃ နှစ် ခြား ပေးနေတာပဲလေ။ လောလောဆယ် အခုပိတ်ပြန်တော့ ပိတ်ပြန်ပြီ။ ကိုယ့်နိုင်ငံသားတွေ မလေးရှား ရောက်လာရင် အောက်လမ်းပဲလာလာ၊ အပေါ်လမ်းပဲလာလာ မြန်မာနိုင်ငံသားဆိုတဲ့ ပတ်စပို့စာအုပ်ရှိသင့်တယ်။ စာအုပ်ကိုင် ထားပြီး ကိုယ်လုပ်တဲ့အလုပ်သော်လည်းကောင်း၊ ကိုယ်ပိုင်ကဒ်သော်လည်းကောင်း နေထိုင်ခွင့် ပါမစ်က ကပ်လို့ ရတယ်။ ဒါပေမယ့် မကပ်တဲ့သူကများတယ်။ ၁၀၀ ရှိရင် အယောက် ၅၀ လောက်က မကပ်ဘူး။ ပါမစ်ပိတ်တော့ ပိတ်ပြန်ပြီ၊ ဖွင့်ဖို့ကို မျှော်ပြန်ပြီ ဖွင့်တဲ့အခါကြရင်လည်း ကိုယ့်နိုင်ငံသားတွေက မကပ်တဲ့သူကများတယ်” ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံ၌ ရီကာလီဘရာစီပါမစ် RTK 2.0 လျှောက်ထားသူများထဲမှ လက်ဗွေမနှိပ်လိုက်ရသူများအား တရားမဝင်များအဖြစ်သတ်မှတ်ကြောင်း မလေးရှားအာဏာပိုင်များဘက်မှ ကြေညာထားသည်။

ပွဲစားများဘက်မှ ပါမစ်အသစ်ဖွင့်ပေးခြင်းနှင့်ပတ်သက်၍ နည်းအမျိုးမျိုးဖြင့် ပြောဆိုစည်းရုံးနေကြမည်ဖြစ် သောကြောင့်  မလေးရှားနိုင်ငံမှ တရားဝင်ထုတ်ပြန်ကြေညာချက်ကိုသာ စောင့်ကြည့်ကြရန် မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက အကြံပြုသည်။