CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၂

မြန်မာနိုင်ငံတွင် ကျွမ်းကျင်လုပ်သားများသာမက အခြားသော လူငယ်၊ လူရွယ်များမှာ ပြည်ပနိုင်ငံများသို့ ထွက်ခွာ နေကြသဖြင့် လူသားအရင်းအမြစ် ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရချိန်တွင် ကုန်ထုတ်လုပ်မှုကဏ္ဍအား တိုးချဲ့ရန် မလွယ် ကူလှကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးပညာရှင်များက သုံးသပ်ကြသည်။

ကုန်ထုတ်လုပ်မှု မတိုးချဲ့နိုင်ပါက ပို့ကုန်တင်ပို့မှု နည်းပါးသွားနိုင်ကြောင်း၊ ပို့ကုန်မတင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေ ရရှိမှု နည်းပါးသွားနိုင်သည့်အတွက် ပြည်ပနိုင်ငံများသို့ လုပ်သားအင်အား ယိုစိမ့်မှု မဖြစ်စေရန် သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် နည်းလမ်း စဉ်းစားသင့်ကြောင်း ၎င်းတို့က ထောက်ပြကြသည်၊

နိုင်ငံခြားဝင်ငွေရရှိမှု နည်းပါးသွားပါက ပြည်တွင်း၌ သွင်းကုန်နှင့်ပတ်သက်၍ အခက်အခဲများ ဖြစ်လာနိုင်ပြီး အကျိုးသက်ရောက်မှု အများအပြား ရှိနိုင်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်း ဌာနသို့ ပြောသည်။

လယ်ယာစိုက်ပျိုးရေးလုပ်နေကြသူများကို တွေ့ရစဉ်

၎င်းက “strategy ကို မတိုးဘဲနဲ့တော့ income တိုးလာဖို့ ခက်တာပေါ့။ income နည်းတာက export earning ရဖို့ ခက်တာပေါ့။ export earning ရဖို့က လယ်ယာ စိုက်ပျိုးရေးကဏ္ဍတစ်ခုနဲ့ပဲ သွားနေရတာတွေက များတယ်။ အခု နောက်ပိုင်းက အရေအတွက်နဲ့ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ တစ်ခုတည်းပဲ အားကိုးနေရတာကို။ ကျန်တာက တော့ gas ပေါ့နော် gas ကတော့ ဘယ်အချိန် ကုန်လာမလဲ မသိဘူးပေါ့။ လယ်ယာ စိုက်ပျိုးရေးဌာနကနေပြီး တော့ အားကိုးရတဲ့ဟာတွေ မထုတ်နိုင်ရင်တော့ အခက်အခဲအများကြီး ရှိလာနိုင်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသားများသည် စားဝတ်နေရေးများကြောင့် ဝင်ငွေကောင်းသည့် ပြည်ပနိုင်ငံများသို့ ထွက်ခွာကြခြင်း အား တားဆီး၍ မရနိုင်သဖြင့် ယခုကဲ့သို့ လုပ်သားအရင်းအမြစ် ဆုံးရှုံးနေသော ပြဿနာအား ဖြေရှင်းနိုင်ရန် အတွက် အချို့နေရာတွင် စက်ကရိယာများကို အစားထိုးသင့်ကြောင်းလည်း ဦးသက်ဇော်က ဆက်ပြောသည်။

၎င်းက “မထိုးနိုင်ရင်တော့ လုပ်ငန်းတိုးချဲ့ ဖို့ကတော့ အခက်အခဲ ရှိသွားမှာ အမှန်ပဲ။ မြန်မာနိုင်ငံမှာက ၇၀ ရာခိုင်နှုန်းက တောင်သူလယ်သမား ဦးရေကို။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးမှာတော့ အဓိက လုပ်သား အများဆုံး သုံးနေရတဲ့ အနေအထားမှာရှိပါတယ်။ စက်မှုကဏ္ဍမှာကတော့ လုပ်သားဦးရေက အများကြီး မရှိသေးဘူး ကျနော်တို့နိုင်ငံမှာ။ စိုက်ပျိုးရေးကဏ္ဍမှာက မျိုးရယ်၊ စိုက်နည်းပညာ technology တွေက အရေးကြီးတယ်။ နောက်ပြီးတော့ ရိတ်သိမ်းတဲ့ နည်းပညာတွေကလည်း အရေးကြီးတယ်။ ဒါတွေကို အကုန်လုံး  ခေတ်မီ နည်း စနစ်နဲ့အညီ ပြောင်းလဲနိုင်ရင်တော့ တစ်ဧက အထွက်နှုန်းတွေ တိုးလာမယ်။ လက်ရှိနည်းပညာအတိုင်း သွားနေ ရင်တော့ သိပ်ပြီးတော့ တိုးတက်လာစရာ အကြောင်းမရှိဘူး” ဟု ပြောသည်။

 ပြည်ပထွက်မည့် မြန်မာအလုပ်သမားများကိုတွေ့ရစဉ် 

မြန်မာနိုင်ငံ၌ လူသားအရင်းအမြစ် ဆုံးရှုံးနေရခြင်း အကြောင်းများထဲတွင် လုပ်ခလစာ နည်းပါးမှုသည်လည်း တစ်ခု အပါအဝင်ဖြစ်ပြီး ကျွမ်းကျင်သည့် လူငယ်၊ လူရွယ်များ ပြည်ပထွက်ခွာမှု နည်းပါးစေချင်ပါက အလုပ်အကိုင် များ ဖန်တီးပေးခြင်းအပြင် လုပ်ခလစာပါ တိုးမြှင့်ပေးသင့်ကြောင်း သုံးသပ်ကြသည်။

စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်သူများက ကုန်ကြမ်းများ ထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ် သူများက ထုတ်ကုန်များ ဆောင်ရွက်ကြခြင်းဖြင့် ပြည်ပသွင်းကုန်များ အစားထိုး နိုင်ရေးအတွက် ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်နိုင်ရန် လိုအပ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လက နစကဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားအရ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရန်မှာ မဖြစ်နိုင်သေးကြောင်း စိုက်ပျိုး ရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကကတော့ ထုတ်လုပ်မှုပိုင်းက တက်မလာဘူးပေါ့။ မတက်လာနိုင်တဲ့ အတွက်ကြောင့်မို့လို့ ငွေကြေး ဖောင်းပွမှုတွေက ဖြစ်လာတယ်လို့ ထင်တယ်။ လက်ရှိ အနေအထားမှာလည်း ထုတ်လုပ်မှုအပိုင်းကို တက်လာ စရာလည်း မရှိဘူးပေါ့။ အခြေအနေ အကြောင်းကြောင်းတွေပေါ့ တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ conflict တွေအရ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေအရက ဘယ်လိုမှကို ထုတ်လုပ်မှုကို တိုးဖို့ဆိုတာက ခက်ခဲတာပေါ့ လုပ်ရကိုင်ရသူတွေ အနေနဲ့။ အခုဆိုရင် မြန်မာပြည်က ဘက်ပေါင်းစုံမှာ အကုန်လုံးက ကျဆင်းနေတယ် အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရတယ်။ 

ပြည်တွင်း ထုတ်ကုန်များကိုတွေ့ရစဉ်

တောင်သူဆိုလည်း တောင်သူအလျောက်၊ ကုန်သည်ဆိုလည်း ကုန်သည်အလျောက်ပေါ့။ အဲဒီ လို အများကြီး ဖြစ်ပျက်နေတဲ့ဟာတွေကို တစ်ခုချင်း save လုပ်နိုင်မှသာလျှင် production တက်ဖို့ဆိုတဲ့ဟာကို သွားလို့ရမှာပေါ့။ လက်ရှိ အနေအထားနဲ့က production ကို ဆွဲတင်ဖို့ဆိုတာက အရမ်းကို ခက်ခဲလွန်းတယ်။ မဖြစ် နိုင်ဘူး။ တည်ငြိမ်တဲ့ အခြေအနေတစ်ခု ရောက်သွားမှသာလျှင် ဒီဟာအပေါ်မှာ ပြန်ပြီးတော့ လုပ်နိုင်မယ်လို့ထင် တယ်။ ကုန်ထုတ်လုပ်မှုအပိုင်း တက်ဖို့ဆိုတာကတော့ လတ်တလော အခြေအနေက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်တယ်”ဟု ပြောသည်။

ထို့အပြင် ၎င်းကုန်ထုတ်လုပ်မှု ပစ္စည်းများအား ပြည်တွင်း၌ ဖူလုံမှုရှိစေရန် ဦးစွာ လုပ်ဆောင်သင့်ကြောင်း၊ ပြည်တွင်းတွင် ဖူလုံမှသာ ပြည်ပနိုင်ငံများသို့ တင်ပို့သင့်ကြောင်း၊ ပြည်တွင်း မဖူလုံဘဲ ပြည်ပသို့ တင်ပို့မည် ဆိုပါက ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ မူဝါဒပိုင်းဆိုင်ရာများလည်း ပြုပြင်ပြောင်းလဲရန် လိုအပ် ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးပညာရှင်များက ထောက်ပြကြသည်။

သို့သော်  S&P Global မြန်မာထုတ်လုပ်မှု PMI(Purchasing Managers’ Index) အညွှန်းကိန်းများ အစီရင်ခံ စာတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းအမှတ်မှာ ၅၇ ဒသမ ၄ သို့ တက်လှမ်းလာနိုင်ခဲ့ကြောင်း သိရသည်။

PMI အညွှန်းကိန်း အမှတ်များသည် သုညမှ ၁၀၀ အထိရှိနိုင်ပြီး အညွှန်းကိန်းအမှတ် ၅၀ အထက်တွင် ရှိနေပါက တိုးတက်မှုကိုပြကာ အညွှန်းအမှတ် ၅၀ အောက်တွင်ရှိလျှင် ယေဘုယျအားဖြင့် ကျဆင်းမှုကို ညွှန်ပြနေခြင်း ဖြစ်ကြောင်း သိရသည်။