CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံသားများအနေဖြင့် အသက် ၁၈ နှစ်ပြည့်သွားသည့်သူတိုင်း စစ်မှုထမ်းရမည့် ဥပဒေကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် နစက-က ထုတ်ပြန်ခဲ့ခြင်းကြောင့် ပြည်တွင်းမှာ လူသားအရင်းမြစ် လျှော့နည်းကာ ကုန်ထုတ်လုပ်မှုစွမ်းအားကို ထိခိုက်နိုင်လား မေးခွန်းထုတ်မှုများ ရှိလာနေသည်။

အဆိုပါ ထုတ်ပြန်ချက်ကြောင့် လူငယ်လူရွယ်များသည် စစ်မှုထမ်းရမည်ဖြစ်သလို တချို့သော လူငယ်များသည် ပြည်ပသို့ ထွက်ခွာရန် ပြင်ဆင်လာမှုများ ရှိလာသည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်း ကုန်ထုတ်စွမ်းအားအပေါ် သက်ရောက်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိနေသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက်အပိုင်းအခြားသည် လူဦးရေး သန်း ၂၀ ခန့် ရှိသော်လည်း အားလုံးကို စစ်မှုထမ်းရန်အတွက် ခေါ်ရန် မဖြစ်နိုင်ကြောင်း၊ သိန်းကဏန်းဝန်းကျင်ခန့်သာ ခေါ်ယူ နိုင်သည့်အတွက်ကြောင့် ကုန်ထုတ်လုပ်မှုစွမ်းအားအပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း Via Logistics & Supply Chain တည်ထောင်သူ ဦးသီဟပိုင်က CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “မြန်မာပြည်မှာနေတဲ့ ၁၈ နှစ်နဲ့ ၃၀ ကြား လူတွေကတော့ အခြေခံဥပဒေအရရော၊ လုံးဝ စစ်မှုထမ်းရမယ့် ခေါင်းစဉ်အောက်ကို ရောက်သွားတာပေါ့နော်။ ဒါပေမယ့် လူတွေထင်သလိုမျိုး အကုန်လုံးတော့ သူက ခေါ်အုံးမှာ မဟုတ်သေးဘူး။ ၁၀ သန်းလောက်ကို ကျနော်တို့က တခါတည်း Training ပေးလို့မှ မရတာ။ အနည်းဆုံး လေ့ကျင့် ရေး သင်တန်းကျောင်းက ၅၀၀၀၊ ၁၀၀၀၀ လောက်ပေါ့ အများဆုံးပေါ့။ အဲဒီဟာတွေနဲ့ပဲ သူတို့ လုပ်နေမှာပေါ့။ ဆိုတဲ့အတွက် လုပ်ငန်းစုက အဲဒီလိုပဲလည်ပြီး ကျန်နေမှာလေ။ ဒီထဲမှာ လည်ပတ်နေတဲ့သူတွေက အကုန်လုံး ရပ် သွားမှာ မဟုတ်ဘူး။ အဲဒီထဲကမှ အစိတ်အပိုင်း တချို့လောက်ပဲ ခဏ ကျောင်းသွားတက်တဲ့ ပုံစံမျိုးပေါ့။ ကျနော် တို့ ရုံးတွေမှာဆိုရင်လည်း ကျောင်းသွားတက်ရင် ခွင့်ပြုပေးရတာမျိုး ရှိတယ်လေ။ ကုန်ထုတ်မှုစွမ်းအားမှာ ကျဆင်းတယ်ဆိုတာကတော့ သိပ်ပြီးတော့ ကျနော်တို့က ခေါင်းထဲမှာ မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ တော် တော်များများကလည်း နိုင်ငံခြားထွက်ကြတယ်လေ။ အခုဆိုရင် ဂျပန်ကိုသွားတဲ့သူတွေက လှည်းတန်းမှာ ကျနော် တို့သွားကြည့်တော့ ကားတွေတောင်ပိတ်တယ်။ တစ်ရက်ထဲကို လူ ၅၀၀၀၊ ၁၀၀၀၀ လောက် ရှိတာ။ ဘာမှတော့ မဆန်းဘူး။ ကျနော်တို့ကတော့ ဘာမှ မထိခိုက်ဘူးလို့တော့ မြင်တာပေါ့။ ဒီအချက်တွေအားလုံးကို သုံးသပ်ပြီးမှ ဒါကိုပဲ ကျနော်တို့က focus ထားတာပေါ့နော် ငါတို့အတွက် ဘာထိခိုက်နိုင်မလဲ” ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးမှာ အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်း ပါဝင်သည်။

ထို့အတူ ကျွမ်းကျင်သူ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံ သားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို ဆိုသည်။

ဆန်အိတ်ထမ်းနေသူကို တွေ့ရစဉ်

ကျွမ်းကျင်သူ ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားသော အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုလိုသည်။

သို့သော်လည်း နိုင်ငံတော်တွင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်ခဲ့ပါက ဥပဒေအရ ပြည်သူ့စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်မည်ဟု ဖော်ပြထားသည်။

ဦးစားပေးအနေဖြင့် အသက် ၃၅ နှစ် ပြည့်တော့မည့် သူများကို ပထမဦးဆုံးအနေဖြင့် ခေါ်ယူသွားနိုင်ခြေရှိသော် လည်း လက်ရှိအခြေအနေအရ အသက် ၃၅ နှစ် ပြည့်မည့်သူတိုင်းကိုပင် မခေါ်ယူနိုင်သေးကြောင်း၊ ထို့ကြောင့် လူဦးရေ သောင်းကဏန်းခန့်သာ စတင်ခေါ်နိုင်မည့်သဘော ဖြစ်နေသည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူက ၃၅ နှစ် ကပ်တဲ့သူတွေ အရင်ဆုံး စခေါ်မှာလေ။ လူငယ်တွေမပြောနဲ့ ၃၅ နှစ် ကပ်တဲ့သူတွေကို အကုန်မခေါ်နိုင်ပါဘူး။ သူ့ဆီမှာ လူဦးရေ ၁ သန်းလောက်ထပ်ဝင်၊ လူဦးရေ ၁ သန်းအတွက် ဘတ်ဂျက် မရှိဘူး လေ။ ဘာလို့ဆို စစ်မှုထမ်းဖို့ဆိုတာ နေရာထိုင်ခင်း၊ အဝတ်အစား၊ equipment၊ အစားအသောက်၊ နေထိုင်စရိတ် အကုန်လိုသေးတာလေ။ အဲဒါတွေ ပြင်ဆင်ပြီးမှ လုပ်လို့ရမှာလေ။ အသုတ် တစ်သုတ်ခေါ်ရင် အဲဒီလောက် ထိခိုက် တဲ့ အရေအတွက် မရောက်နိုင်ပါဘူး။ သိန်းကဏန်းလောက်တောင် မသွားနိုင်တဲ့ကိစ္စပါ။ သောင်းကဏန်းလောက် ပဲ စပြီးတော့ သွားနိုင်မှာပါ” ဟု ပြောသည်။

မြန်မာ့တပ်မတော်က ပြည်သူ့စစ်များကို လက်နက်တပ်ဆပ်ပေးနေစဉ်

စစ်မှုထမ်းရန်အတွက် ခေါ်ယူမည့် လူဦးရေ၏ အရေအတွက်ပေါ် မူတည်ပြီးတော့ ကုန်ထုတ်လုပ်မှုတွင် လုပ်သား ရှားပါးမှု ဖြစ်ပေါ်လာနိုင်ကြောင်း၊ လူဦးရေ၏ အယောက် ၁၀၀၀ တွင် ၁၀ ယောက်သာ ခေါ်ယူမည်ဆိုပါက သက်ရောက်မှု မရှိသော်လည်း လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအထက် ခေါ်ယူမည်ဆိုပါက ကုန်ထုတ်လုပ်မှုတွင် လုပ်သားရှားပါးမှု ပြဿနာ ဖြစ်ပေါ်လာနိုင်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အတိုင်းအတာ တစ်ခုတော့ ဖြစ်သွားမှာပဲ။ ဒါပေမယ့် ရှိသမျှလူ ဝင်ရမှာလား။ ဒါမှမဟုတ် အခု ကြားနေ တာ အိမ်ခြေ ၇၀၀၊ ၁၀၀၀ အဲဒီလိုရှိတဲ့ရွာကိုမှ ၂ ယောက်၊ ၃ ယောက် အဲဒီလို ခေါ်မယ်ကြားတယ်။ အရေအတွက် ပေါ်မှာ မူတည်ပါတယ်။ ဥပမာဆိုပါတော့ အိမ်ခြေက ၁၀၀၀ ရှိတယ်၊ ၁၀၀၀ ရှိလို့ ၁၀ ယောက်ခေါ်ရင်တော့ သိပ်ပြီးတော့ အန္တရာယ် မရှိပါဘူး။ ၁၀၀၀ ကို ၅၀၀ ခေါ်ရင်တော့ အန္တရာယ် ရှိသွားမှာပေါ့။ ၂၀၀ ခေါ်ရင် အန္တရာယ် ရှိသွားမှာပေါ့။ ၁ အိမ် ၁ ယောက်နှုန်းနဲ့ ခေါ်ရင် ဘယ်သူက အလုပ်လုပ်ကျွေးတော့မှာလဲ။ ဥပမာ အုပ်စုတစ်စုမှာ အိမ်ခြေ ၇၀၀ ရှိတယ်။ အဲဒါကို လူ ၇၀၀ ခေါ်မယ်ဆိုလို့ကတော့ ဖြစ်လည်းမဖြစ်နိုင်ဘူး။ လူ ၇၀၀ ခေါ်ရင် ဒီလူတွေ ရဲ့ စရိတ်ကို ဘယ်လိုကျွေးမလဲ။ မဖြစ်နိုင်ပါဘူး။ တစ်ခုရှိတာက ရှိတဲ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းထက် မကျော်ဘူးဆို ရင်တော့ အန္တရာယ် မဖြစ်လောက်ပါဘူး” ဟု ပြောသည်။

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အလိုက် အဖွဲ့များ ဖွဲ့စည်းရမည့် ဥပဒေ၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားသည့်အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်ရန်၊ စိစစ်မည့် အပိုင်းများကို အချိန်ယူရမည့် အပိုင်းများ ရှိနေခြင်းကြောင့် စစ်မှုထမ်းမှုကို အကောင်အထည်ဖော်ရန် အချိန်ကာလ အားဖြင့် ၃ လမှ ၆ အထိ ကြာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။