CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အီတီ ဖတ်အသင်းထံ ရောင်းချမယ့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်လို့ ပြောပါတယ်။

ကလော့ပ်က “နောက်ဆုံးမှာ ဆုံးဖြတ်ချက်တွေ အားလုံးကို ကျနော်ပဲ ချမှတ်ခဲ့တာပါ။ ကျနော်ဟာ ကစားသမား တွေ အားလုံးကို အများကြီး လေးစားမှုရှိတာကြောင့် ကစားသမားတွေနဲ့ သဘောတူညီမှုရယူပြီး ဆုံးဖြတ်ချက် ချတာ များပါတယ်။ အခုအပြောင်းအရွှေ့ ကိစ္စမှာလည်း ဒီလိုပဲဖြစ်တာကြောင့် အားလုံးအဆင်ပြေပါတယ်”လို့ ပြောပါတယ်။

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ ကစားသမားဟောင်း စတီဗင်ဂျရတ် ကိုင်တွယ်နေတဲ့ အယ်လ်အီ တီဖတ် အသင်းထံ ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့တော့မှာဖြစ်ပြီး အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ လုပ်ဆောင်နေ ပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက လီဗာပူးလ် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဟန်ဒါဆန်ဟာ အယ်လ်အီတီဖတ် အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀,၀၀၀ ရရှိမယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းနဲ့ ၂ နှစ် စာချုပ် ကျန်ရှိနေသေးတဲ့ ဟန်ဒါဆန်ဟာ အသင်းအတွက် ပွဲပေါင်း ၄၉၂ ပွဲ ပါဝင် ကစား ခဲ့ပြီး ၃၃ ဂိုး သွင်းယူကာ ၅၇ ဂိုး ဖန်တီးမှု ပြုလုပ်ခဲ့တာပါ။ 

အသက် ၃၃ နှစ်အရွယ်ရှိ ကစားသမားဟာ လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ဖီဖာကလပ် ကမ္ဘာ့ ဖလား၊ ဥရောပစူပါဖလား အပါအဝင် ဆုဖလားအားလုံးကို ရယူနိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟန်ဒါဆန်ကို တွေ့ရစဉ်

ဒါပေမယ့် အခုနွေရာသီ အပြောင်းအရွှေ့မှာ အယ်လ်အီတီဖတ်ရဲ့ ကမ်းလှမ်းမှုကြောင့် လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

ဟန်ဒါဆန်အပြင် လီဗာပူးလ်အသင်းရဲ့ နောက်ထပ် ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဖာဘင်ဟိုကတော့ ဆော်ဒီလိဂ် ကလပ် အယ်လ်အီတီဟတ် အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့ နှစ်ဦးစလုံးကို ဆုံးရှုံးရတော့မှာပါ။

ပြီးခဲ့တဲ့ရာသီက ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ မက်အယ်လစ္စတာနဲ့ ဆာဘော့ဇ်လိုင်းတို့ကို ခေါ်ယူထားပြီး နောက်ထပ် ကစားသမားတွေကို ထပ်ပြီးခေါ်ယူနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

Source: Metro