CNI Sport News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ လီဗာပူးအသင်းနဲ့ သူတို့ရဲ့နည်းပြဟောင်း ကလော့ပ်တို့အပေါ် စော်ကား ပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး ဒေးဗစ်ကုရဲ့ ဗွီဒီယိုကို စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ 

ဒီဗွီဒီယို ထွက်ပေါ်လာပြီးနောက် အင်္ဂလန်ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)က ဒေးဗစ်ကုကို တာဝန်ကနေ ဆိုင်းငံ့ခဲ့ပါတယ်။ 

ဒါအပြင် ဒေးဗစ်ကုဟာ ဒီအပတ်ထဲ နိုင်ငံပွဲစဉ်တွေကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ရမှာကနေလည်း နုတ်ထွက်ခဲ့ရပါတယ်။

ဒေးဗစ်ကုဟာ ဗွီဒီယိုထဲမှာ လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ်ရဲ့ ဂျာမနီနိုင်ငံသားဖြစ်မှုကို ပြောခဲ့တာ ကြောင့် FA ရဲ့ စည်းမျဉ်းတွေကို ပြင်းထန်စွာ ချိုးဖောက်မှုဆီ ဦးတည်သွားနိုင်ပါတယ်။

FA က သူတို့ဟာ ဒီအဖြစ်အပျက်ကို သိရှိပြီးဖြစ်တာကြောင့် စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဒေးဗစ်ကုရဲ့ ဗွီဒီယိုကို ဘယ်အချိန်က ရိုက်ခဲ့လဲဆိုတာတော့ မသိရသေးပါဘူး။ 

ဒေးဗစ်ကုကို တွေ့ရစဉ်

ဒေးဗစ်ကုဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အတွေ့အကြုံအရှိဆုံး ဒိုင်လူကြီးတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် ကတည်းက ဒီပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒေးဗစ်ကုရဲ့ ဒီဗွီဒီယိုဟာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်က လီဗာပူးလ်နဲ့ ဘန်လေအသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ရည်ညွှန်းပုံရတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။ 

လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ်ဟာ ဒီပွဲမှာ သူ့ရဲ့ ကစားသမားတွေကို ပြိုင်ဘက်အသင်းက ကြမ်းတမ်းစွာ ကစားနေတဲ့အပေါ် ပြစ်ဒဏ်ဘောပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီး ဒေးဗစ်ကုကို ပွဲအပြီးမှာ ဝေဖန်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

PGMOL ကတော့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှု မပြီးမချင်း ဒီဖြစ်ရပ်အပေါ် နောက်ထပ် မှတ်ချက်ပေးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ဗွီဒီယို ထွက်ပေါ်လာပြီးနောက် ဒေးဗစ်ကုဟာ လီဗာပူးလ်အသင်း ပွဲစဉ်တွေကို ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ချိန်မှာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေ ချခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 

ဒေးဗစ်ကုဟာ လီဗာပူးလ်အသင်းက ဗီလာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့အပတ် ပရီးမီးယားလိဂ် ပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့သေးတာ ဖြစ်ပါတယ်။ 

Source: BBC