CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်း အတွက် ခြေစွမ်းပြသပြီး ဂိုးသွင်း၊ ဂိုးဖန်တီးနိုင်ခဲ့တဲ့ လူငယ်ကစားသမား ကော်နာဘရက်ဒလေကို ချီးကျူးသွားခဲ့ ပါတယ်။

ကလော့ပ်က “သူကအံ့သြဖွယ်ကောင်းတဲ့ ကလေးပါ။ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်၊ ဂိုးဖန်တီးမှုတွေနဲ့ တစ်ပွဲလုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ စတာလင်နဲ့ ရင်ဆိုင်ကစားရတာဟာ မလွယ်ကူတာကြောင့် သူ့အတွက် ကျနော် ပျော်ရွှင်မိပါတယ်။ သူဟာ အလွန်အောင်မြင်ချင်တဲ့ လူငယ်တစ်ဦးဖြစ်ပြီး ဒါက ထူးခြားတယ်လို့ ပြောရမှာပါ။ ရာသီကြိုမှာကတည်းက သူဟာ အလွန်ကောင်းမွန်စွာ အလုပ်လုပ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက ချယ်လ်ဆီးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသက် ၂၀ နှစ် အရွယ်ရှိ ကော်နာဘရက်ဒလေဟာ လီဗာပူးလ်အသင်း ကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့သလို ဂျိုတာနဲ့ ဆိုဘော့ဇ်လိုင်း သွင်းယူတဲ့ဂိုးတွေကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက လိဂ်ဝမ်းကလပ် ဘောလ်တန်အသင်းမှာ အငှားသွားရောက်ကစားခဲ့တဲ့ ကော်နာဘရက်ဒလေဟာ အသင်းဖော်နောက်ခံလူ အာနိုးလ် မပါဝင်နိုင်တဲ့ အချိန်တွေမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကို အနိုင်ရတဲ့ပွဲဟာ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်အတွက် ပရီးမီးယားလိဂ်နိုင်ပွဲ ၂၀၀ ပြည့် သွားခဲ့တာလည်း ဖြစ်ပါတယ်။

ကလော့ပ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲ ၂၀၀ အမြန်ဆုံး ရယူနိုင်တဲ့နည်းပြအဖြစ် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့ အနောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၆၉ ပွဲနဲ့ နိုင်ပွဲ ၂၀၀ ပြည့်ခဲ့တာဖြစ်ပြီး ကလော့ပ်က ၃၁၈ ပွဲမှာ နိုင်ပွဲ ၂၀၀ ပြည့်ခဲ့တယ်လို့ ပရီးမီးယားလိဂ်က တရားဝင် ဖော်ပြထားတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီးအသင်းကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးအသင်းထက် ၁ ပွဲပို ကစားထားကာ ရမှတ် ၅ မှတ် အသာရထားတာပါ။ 

လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တတိယနေရာက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရ မှာဖြစ်ပါတယ်။ 

Source: Daily Mail