CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၅

လီဗာပူးလ်အသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းကို အနိုင်ရပြီး ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာကို ပြန်ရောက်ရှိခဲ့ ပေမယ့် နည်းပြ ကလော့ပ်က ပိုပြီးကောင်းမွန်အောင်လုပ်ဖို့ အသင်းကို တိုက်တွန်းသွားခဲ့ပါတယ်။

ကလော့ပ်က “အပြောင်းအလဲတွေ မပြုလုပ်မချင်း ကျနော်တို့ရဲ့ ပွဲကစားပုံက မကောင်းခဲ့ပါဘူး။ ဒါကို ကျနော်တို့ ဝန်ခံရမှာပါ။ သူတို့ရဲ့ ပိတ်ဆော့ ကစားမှုတွေကြောင့် ခက်ခဲတယ်ဆိုတာ သိပေမယ့် ကျနော်တို့ ပိုပြီးကောင်းမွန် အောင် လုပ်ရမှာပါ။ အရန်ခုံကနေ ဝင်လာတဲ့သူတွေနဲ့ အပြောင်းအလဲလုပ်နိုင်ခဲ့တဲ့အတွက် ကျနော်အလွန် ပျော်ရွှင်ပါတယ်။ အဆုံးသတ်မှာ ကျနော်တို့အတွက် ထိုက်တန်တဲ့နိုင်ပွဲဖြစ်ခဲ့ပြီး အားလုံးကောင်းမွန်ပါတယ်”လို့ TNT Sports ကို ပြောပါတယ်။

လီဗာပူးလ်အသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ပွဲချိန် ၇၅ မိနစ်အထိ ၁ ဂိုးစီ သရေကျနေခဲ့လို့ အနိုင်ဂိုးရဖို့ လူစားလဲမှု အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ပွဲပြီးဖို့ နောက်ဆုံး ၁၅ မိနစ်အလိုမှာ လီဗာပူးလ်အသင်းအနိုင်ဂိုး ၂ ဂိုးရပြီး ပရီးမီးယားလိဂ် အဆင့် ၁ နေရာကို ပြန်တက်နိုင်ခဲ့တာပါ။ 

 လီဗာပူးလ်အသင်းကို တွေ့ရစဉ်

ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို ဒါဝင်နူးနက်စ်၊ မက်အယ်လစ္စတာနဲ့ ဂတ်ပိုတို့က သွင်းယူခဲ့ပြီး ရှက်ဖီးယူနိုက်တက်အသင်းအတွက် ချေပဂိုးကို လီဗာပူးလ်အသင်း နောက်ခံလူ ဘရက်ဒလေက ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၈၃ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်တင် ဘောလုံးပိုင်ဆိုင်မှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာပါ။

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က အသင်းအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ ပိုမိုကောင်းမွန်တဲ့ စတင်မှုတွေ ပြုလုပ်ဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက အာဆင်နယ်အသင်းကို ၂ မှတ်အသာနဲ့ ဦးဆောင်နေပြီး ရှက်ဖီးယူနိုက်တက်အသင်းကတော့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေကာ လာမယ့်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ပြန်ကစားရဖို့ နီးစပ်နေတာပါ။

လီဗာပူးလ်အသင်းဟာ ဧပြီ ၇ ရက်မှာ ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲ အပြီးမှာတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အတ္တလန်တာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Eurosport