CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂

ကိုဗင်ထရီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး FA ဖလားဗိုလ်လုပွဲ တက်နိုင်ခဲ့ပြီးနောက် ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ်က FA ဖလားဗိုလ်လုပွဲကို ၂ ကြိမ်ဆက် တက်နိုင်တာက အောင်မြင်မှုလို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “ခံစားချက်တွေ ရောထွေးနေတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ၂ နှစ်အတွင်း FA ဖလား ဗိုလ်လုပွဲကို ၂ ကြိမ် တက်နိုင်တာက အောင်မြင်မှုပါပဲ။ ကျနော်တို့ဟာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၃ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ခဲ့တာကြောင့် အနိုင်ရသင့်ပါတယ်။ ကျနော်တို့ဟာ မိနစ် ၇၀ ကနေ ပွဲပြီးတဲ့အထိ အမှားတွေလုပ်ခဲ့ ကြပါတယ်။ ကျနော်တို့လုပ်ခဲ့တဲ့ အမှားတွေကို မြင်ပေမယ့် ဒါက ရှက်စရာတော့ မဟုတ်ပါဘူး။ ကျနော်တို့ အောင်မြင်မှုတွေ အများကြီးရယူချင်တယ်”လို့ ပြောပါတယ်။

FA ဖလားဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ကိုဗင်ထရီအသင်းတို့ပွဲစဉ်မှာ ယူနိုက်တက် အသင်းက ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ ပွဲချိန်မိနစ် ၇၀ အထိ ကိုဗင်ထရီအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နိုင် ခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ချေပဂိုးတွေ ဆက်တိုက် ခွင့်ပြုခဲ့ရတာကြောင့် ၃ ဂိုးစီသရေကျပြီး အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရတာပါ။ 

အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

အချိန်ပို နောက်ဆုံးမိနစ်မှာ ကိုဗင်ထရီအသင်း အနိုင်ဂိုးရခဲ့ပေမယ့် လူကျွံနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာ ဖြစ်ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်မှာ ယူနိုက်တက်အသင်းက ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး FA ဖလားဗိုလ်လုပွဲကို ၂ နှစ် ဆက်တိုက် တက်နိုင်ခဲ့တာပါ။

ယူနိုက်တက်အသင်း ခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူတို့အနေနဲ့ အသင်းရဲ့ အဆင့်အတန်းအတွက် ဒီထက် ပိုကောင်းအောင် လုပ်ရမယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က “FA ဖလားတစ်ခု ရခဲ့ရင်တောင် ကျနော်တို့အောင်မြင်မှာ မဟုတ်ပါဘူး။ ကလပ်ရဲ့ အဆင့်အတန်းက ကျနော်တို့ လုပ်ခဲ့တာထက် အများကြီး ပိုမြင့်ပါတယ်။ ကျနော်တို့ဟာ ပရီးမီးယားလိဂ်၊ ကာရာဘောင်းဖလားနဲ့ ဥရောပပြိုင်ပွဲတွေမှာ ဒီထက်ပိုပြီး ကောင်းအောင်လုပ်ရမှာပါ”လို့ ပြောပါတယ်။

FA ဖလားဗိုလ်လုပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ မေလ ၂၅ ရက် ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source: ESPN