CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈
ကိုရင်သီယန်အသင်း တိုက်စစ်မှူး ဒီပိုင်းက နယ်သာလန် လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်သစ် တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။
ဒီပိုင်းက “ကျနော် အလွန်ဂုဏ်ယူမိပြီး ရော်ဘင်ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းသာပါတယ်။ အဝတ်လဲခန်းမှာရှိတဲ့ သူတွေအားလုံးကို ကျနော် ကျေးဇူးတင်ပါတယ်။ ဟန်တယ်လားနဲ့ အာဂျန်ရော်ဘင်တို့လို အသင်းဖော်ဟောင်းတွေကိုလည်း ကျနော် ကျေးဇူးတင်ချင်ပါတယ်။ ပတ်ထရစ်က လွိုင်ဗတ်ကိုလည်း ကျနော် ကျေးဇူးတင်ချင်ပြီး သူ့ကြောင့် နယ်သာလန်အသင်းကို ရောက်ချင်ခဲ့တာပါ”လို့ ဒတ်ချ် NOS TV ကို ပြောခဲ့တာပါ။
ဒီပိုင်းဟာ နယ်သာလန်အသင်းက လစ်သူယေးနီးယားအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ၂ ဂိုး သွင်းယူပြီးနောက် သွင်းဂိုး ၅၂ ဂိုးနဲ့ နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာဖြစ်ပါတယ်။
နယ်သာလန်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် အရင်က စံချိန်တင်ထားတဲ့သူက ဗန်ပါစီဖြစ်ပြီး သွင်းဂိုး ၅၀ သွင်းယူခဲ့တာပါ။
ဒီပိုင်းကို တွေ့ရစဉ်
အခုအချိန်မှာတော့ ဒီပိုင်းက ၂ ဂိုးအသာနဲ့ ဗန်ပါစီရဲ့စံချိန်ကို ကျော်ဖြတ်ပြီး နယ်သာလန်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ နယ်သာလန်အသင်းအတွက် စတင်ပွဲဦးထွက်ခဲ့တဲ့ ဒီပိုင်းဟာ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၁၀၄ ပွဲ ပါဝင်ကစားထားတာပါ။
ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းမှာ ကစားနေတဲ့ ဒီပိုင်းဟာ ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်းမရှိလို့ ဝေဖန်ခံ နေရတဲ့ အပေါ်မှာလည်း သူဟာ ဂိုးတွေ အများကြီး သွင်းယူထားနိုင်သလို အကောင်းဆုံး လုပ်နိုင်သေးတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
နယ်သာလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၄ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ အုပ်စုတွင်း ထိပ်ဆုံး နေရာမှာ ရပ်တည်နေတာပါ။
နယ်သာလန်အသင်းဟာ လာမယ့် အောက်တိုဘာမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေအဖြစ် မော်လ်တာ၊ ဖင်လန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: CNA