CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈

ဘိုင်ယန်မြူးနစ် အသင်းအကြီးအကဲ အူလီဟိုးနက်စ်က တိုက်စစ်မှူး ဂျက်ဆန်ဟာ နွေရာသီမှာ ချယ်လ်ဆီး အသင်းထံ ပြန်လာမှာဖြစ်ပြီး ဂျာမန်ချန်ပီယံထံ အပြီးသတ် ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ဖွယ် မရှိဘူးလို့ ပြောခဲ့ပါတယ်။

အူလီဟိုးနက်စ်က “ကျနော်တို့ဟာ ဂျက်ဆန်အတွက် အငှားခေါ်ယူခ ယူရို ၁၃.၅ သန်းပေးခဲ့ရပါတယ်။ အပြီးသတ် ခေါ်ယူမယ့် အမြဲတမ်း စာချုပ်ကတော့ ဖြစ်လာနိုင်ဖွယ် မရှိပါဘူး။ သူဟာ ပွဲပေါင်း ၄၀ ကို ပွဲထွက်လူစာရင်းမှာ ပါဝင်ပြီး ကစားမှသာ ဒီအပြောင်းအရွှေ့က ဖြစ်လာမှာပါ။ အဲဒါကြောင့် ဒါကဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး”လို့ German TV channel SPORT1 ကို ပြောခဲ့တာပါ။ 

ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဂျက်ဆန်ဟာ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ် အသင်းထံ ရာသီကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

ဂျက်ဆန်ကို တွေ့ရစဉ်

ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဒီလပ်ရဲ့ ဒဏ်ရာကြောင့် ဒီအပြောင်းအရွှေ့ဟာ ပျက်ပြယ်ဖို့ ရှိခဲ့ပေမယ့် နောက်ဆုံးမှာ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ အငှားစာချုပ်ထဲမှာ ဂျက်ဆန်အနေနဲ့ သတ်မှတ်ထားတဲ့ ပွဲအရေအတွက် ပြည့်ခဲ့ရင် လာမယ့် နွေရာသီမှာ ပေါင် ၅၆ သန်းနဲ့ အပြီးသတ်ခေါ်ယူမယ့် အချက်ပါဝင်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ လွန်ခဲ့တဲ့ ၂ နှစ်က ပေါင် ၃၂ သန်းနဲ့ ဝယ်ယူခဲ့တဲ့ ဂျက်ဆန်ကို နွေရာသီမှာ အပြီးသတ် ရောင်းချနိုင်ဖို့ မျှော်လင့်နေတာပါ။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်း အကြီးအကဲ အူလီဟိုးနက်စ်ရဲ့ ပြောစကားကြောင့် စိတ်ပျက်စရာ ဖြစ်သွား နိုင်ပါတယ်။ 

ဂျက်ဆန်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းရဲ့ အရန်အဖြစ်သာ ပါဝင်ရဖို့ ရှိနေတာပါ။

ဂျက်ဆန်ကတော့ ဘိုင်ယန်မြူးနစ်အသင်းကို ဆုဖလား အများအပြား ရယူပေးနိုင်ဖို့ အရာအားလုံးကို ပေးသွားမယ်လို့ ပြောထားပါတယ်။ 

ဂျက်ဆန်ဟာ စက်တင်ဘာ ၁၃ ရက်မှာကစားမယ့် ဟမ်းဘတ်အသင်းနဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်တာဖြစ်ပါတယ်။ 

Source: Metro