CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀
ဘိုင်ယန်မြူးနစ်အသင်းရဲ့ အပြီးသတ် ခေါ်ယူခြင်း ခံရဖွယ်မရှိတဲ့ ဆီနီဂေါတိုက်စစ်မှူး ဂျက်ဆန်ဟာ စီးရီးအေထံ ပြောင်းရွှေ့နိုင်တယ်လို့ အေးဂျင့်ဖြစ်သူ အလီဘာရတ်က အရိပ်အမြွက် ပြောခဲ့ပါတယ်။
ဖာဘရီဇီယိုရိုမာနိုနဲ့ စကားပြောချိန်မှာ အလီဘာရတ်က “အီတလီ ထိပ်တန်းကလပ်တွေက သူ့ကို ချယ်လ်ဆီး အသင်းထံ မပြောင်းရွှေ့ခင်ကတည်းက ခေါ်ယူချင်ခဲ့ပြီး နွေရာသီတုန်းကလည်း ခေါ်ယူချင်ခဲ့ပါတယ်။ ဒါပေမယ့် သူက ဘိုင်ယန်မြူးနစ်ထံပဲ သွားချင်ခဲ့တဲ့အတွက် ကျနော်တို့ ဖြစ်အောင်လုပ်ပေးခဲ့ပါတယ်။ တစ်နေ့နေ့ အီတလီမှာ ကစားမလားဆိုရင်တော့ အီတလီဘောလုံးလောကကို သူစိတ်ဝင်စားမယ်ဆိုတာ သေချာတယ်”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ဘိုင်ယန်မြူးနစ်အသင်းထံ အငှားစာချုပ်နဲ့ ပြောင်းခဲ့တဲ့ ဂျက်ဆန်ကို ဂျာမန်ကလပ်ဟာ ရာသီကုန်ချိန်မှာ အပြီးသတ် ဝယ်ယူခွင့်ရှိနေပါတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ စာချုပ်ထဲမှာ ပါဝင်တဲ့ အချက်ပြည့်မှသာ ဂျက်ဆန်ကို အပြီးသတ် ခေါ်ယူ မှာပါ။

ဂျက်ဆန်ကို တွေ့ရစဉ်
ဂျက်ဆန်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ပွဲကစားချိန် ပုံမှန်ရရှိဖို့ ရုန်းကန်နေရပြီး ပွဲထွက်ကစားသမားထက် လူစားဝင် ကစားသမားအဖြစ်သာ အလှည့်ကျ ပါဝင်နေရပါတယ်။
ဂျက်ဆန်ဟာ ပွဲထွက် ကစားခွင့် အကန့်အသတ်သာရရှိမှုနဲ့ အာဖရိကဖလားပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်မှုတွေ ကြောင့် ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို အပြီးသတ်ဝယ်ယူဖို့ လိုအပ်ချက်နဲ့ ဝေးကွာနေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျက်ဆန်ကို အပြီးသတ် ဝယ်ယူဖို့ မရှိသလို ချယ်လ်ဆီးအသင်းကလည်း သူ့ကို အသင်းထံပြန်လာမှာ မလိုချင်တာကြောင့် ဥရောပကလပ် အများအပြားဟာ သူရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
ဒီအချိန်မှာ ဂျက်ဆန်ဟာ စီးရီးအေထံ ပြောင်းရွှေ့နိုင်တယ်လို့ သူရဲ့ အေးဂျင့်က ပြောလာခဲ့တာပါ။ ဂျက်ဆန်ဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၈ ပွဲကစားထားပြီး ၅ ဂိုးသွင်းယူထားပါတယ်။
Source: Goal
