CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ လာဇီယိုအသင်းကို အရေးနိမ့်ခဲ့ ပေမယ့် နည်းပြ တူချယ်လ်က ဘိုင်ယန်မြူးနစ်အနာဂတ်အပေါ် စိုးရိမ်မှုမရှိဘူးလို့ ပြောခဲ့ပါတယ်။

တူချယ်လ်က “ကျနော့်အနာဂတ် ဒါမှမဟုတ် ဖြစ်နိုင်ဖွယ်ရှိတဲ့ ထုတ်ပယ်ခံရမှုအတွက် စိုးရိမ်မှုမရှိပါဘူး။ ကျနော် တို့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် အရာအားလုံးကို လုပ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ဟာ ပွဲကိုထိန်းချုပ်နိုင်ခဲ့ ပေမယ့် ဒုတိယပိုင်းမှာတော့ စွမ်းဆောင်ရည်ဟာ သိသိသာသာကို ကျဆင်းသွားခဲ့ပါတယ်။ ကျနော်တို့ဟာ တစ်ဦး ချင်း အမှား အများအပြားကို လုပ်ခဲ့ပြီးတော့ အာရုံစူးစိုက်မှုတွေလည်း ဆုံးရှုံးခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်ဆင့် တက်နိုင်ဖို့အတွက် ကျနော်တို့လက်ထဲမှာ အခွင့်အရေး ရှိပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ လာဇီယိုအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး လာဇီယိုအသင်း အတွက် ဂိုးကို တိုက်စစ်မှူး အင်မိုဘီလီက ပွဲချိန် ၆၉ မိနစ်မှာ ပင်နယ်တီကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ပင်နယ်တီအပြင် နောက်ခံလူ အူပါမီကာနိုပါ ထုတ်ပယ်ခံခဲ့ရလို့ လာဇီယိုအသင်းကို ချေပဂိုး သွင်းယူနိုင်ဖို့ ခက်ခဲသွားခဲ့ပြီး ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။ 

 ဟာရီကိန်းကို တွေ့ရစဉ်

ဂျာမန်ချန်ပီယံအသင်းဟာ လာဇီယိုအသင်းနဲ့ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၁၇ ကြိမ်အထိရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိတဲ့အထိ အခြေအနေ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ လေဗာကူဆင်အသင်းကို ဂိုးပြတ်အရေးနိမ့်ပြီး အခု လာဇီယိုအသင်းကိုပါ ထပ်ပြီး အရေးနိမ့်ခဲ့တာကြောင့် နည်းပြ တူချယ်လ်အတွက် ဖိအားတွေပိုပြီးများလာခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းကတော့ ရှုံးပွဲဆက်နေတာကြောင့် သူတို့အတွက် ခက်ခဲတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့တယ်လို့ ပွဲအပြီးမှာ ဝန်ခံခဲ့ပါတယ်။

ဟာရီကိန်းက “တကယ်ကိုခက်ခဲတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းကတော့ စိတ်ပျက်ဖို့ ကောင်းခဲ့ပါ တယ်။ စွမ်းအင်တွေရော ယုံကြည်မှုတွေရော နည်းပါးခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ဟာ ဒီပြိုင်ပွဲမှာ ရှိနေတုန်းဖြစ်ပြီး မြူးနစ်မှာ အကောင်းဆုံး လုပ်ပြနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဖေဖော်ဝါရီ ၁၈ ရက်မှာ ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် ဘိုချန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ရှုံးပွဲဆက်နေတာကို ရပ်တန့်ဖို့လိုအပ်နေပြီ ဖြစ်ပါတယ်။

Source: ESPN