CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂

ဘိုင်ယန်မြူးနစ်အသင်းဟာ အိမ်ကွင်းမှာ ဝါဒါဘရီမင်အသင်းကို အရေးနိမ့်ပြီးနောက် အသင်းဟာ ချန်ပီယံဆုကို ရယူချင်တဲ့ အသင်းနဲ့မတူဘူးလို့ နည်းပြ တူချယ်လ်က ဝေဖန်လိုက်ပါတယ်။

တူချယ်လ်က “မိနစ် ၇၀ အထိ ကျနော်တို့ဟာ ချန်ပီယံဆုအတွက် ကစားပေးချင်တဲ့ အသင်းနဲ့ မတူပါဘူး။ ဝါဒါဘရီမင်အတွက်တော့ ဒီနိုင်ပွဲဟာ ထိုက်တန်ပါတယ်။ ကျနော်တို့ဟာ သူတို့ကို တန်ပြန်တိုက်စစ်တွေ အများကြီး ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီပွဲမှာ ကျနော်တို့ဟာ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ အနည်းငယ်ပဲ ရှိခဲ့ပါတယ်။ ပေါ့ပေါ့တန်တန် ကစားခဲ့ပြီး လုံလောက်မှုလည်း မရှိခဲ့ပါဘူး။ ကစားသမား အများအပြားဟာ လေ့ကျင့်ရေးကွင်းမှာ ပြသခဲ့တဲ့ အဆင့်မျိုးရောက်ရှိအောင် ဘာကြောင့် မလုပ်နိုင်ဘူးလဲဆိုတာတော့ ကျနော် ရှင်းပြလို့မရဘူး”လို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ ဝါဒါဘရီမင်အသင်းကို တစ်ပွဲလုံးအသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် ပိုင်း မသေချာမှုတွေကြောင့် ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ဘိုင်ယန်နဲ့ ဝါဒါဘရီမင်အသင်း ယှဉ်ပြိုင်နေစဉ်

ဝါဒါဘရီမင်အသင်းကို အရေးနိမ့်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ပထမဆုံး အိမ်ကွင်းရှုံးပွဲ ကြုံတွေ့ခဲ့ရတာပါ။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂၀၂၀ ခုနှစ်နောက်ပိုင်း အိမ်ကွင်းမှာကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၆၆ ပွဲမှာ ပထမဆုံးအကြိမ် ဂိုးမသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘွန်ဒစ်လီဂါ လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရှုံးပွဲကြောင့် ထိပ်ဆုံးနေရာက လေဗာကူဆင်အသင်းနဲ့ ၇ မှတ်အထိ ကွာဟသွားခဲ့တာပါ။ အဲ့ဒါကြောင့်လည်း နည်းပြ တူချယ်လ်ဟာ ဝါဒါဘရီမင်အသင်းကို အရေးနိမ့်တဲ့ ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ် ကစားသမားတွေကို ဝေဖန်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်အသင်းထက် ၁ ပွဲလျော့ ကစားထားလို့ ရမှတ်ကွာဟမှုကို လျှော့ချနိုင်မယ့် အခြေအနေမှာ ရှိနေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ကြားရက်ထဲမှာ ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် ယူနီယံဘာလင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal