CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ရှာဘတ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

မော်ရင်ဟိုဟာ ရလဒ်ဆိုးတွေကြောင့် စီးရီးအေကလပ် ရိုးမားအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်း အချို့ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိထားတာပါ။ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ရှာဘတ်အသင်းဟာ မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေကို အရှိန်မြှင့်ပြီးလုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။ ဒါပေမယ့် စပိန်မီဒီယာကတော့ မော်ရင်ဟိုဟာ အယ်လ်ရှာဘတ်အသင်းထံမသွားဖို့ ဆုံးဖြတ်ထား ပြီး သူကိုင်တွယ်ဖို့အဆင်ပြေမယ့် ရွေးချယ်မှုတစ်ခုကို စောင့်ဆိုင်းနေတယ်လို့ ဖော်ပြထားတာပါ။

အီတလီသတင်းတွေမှာ နာပိုလီအသင်းဟာ မော်ရင်ဟိုကို နည်းပြအဖြစ်ခန့်အပ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်ချင်နေပြီး မော်ရင်ဟိုကိုယ်တိုင်ကလည်း စီးရီးအေမှာ ဆက်ပြီးရှိဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ မကြာသေးခင်က ဘာစီလိုနာကို ရောက်ရှိနေပြီး သူ့ရဲ့အနာဂတ်အကြောင်းမေးမြန်းခံရချိန်မှာ ဖြေဆိုခြင်းမပြုဘဲ ရယ်မောပြီးသာ ထွက်ခွာသွားခဲ့တာပါ။ အသက် ၆၀ နှစ်အရွယ်ရှိ မော်ရင်ဟိုဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ရှာဘတ်အသင်းကို ငြင်းပယ်ထားပေမယ့် ဆော်ဒီမှာနည်းပြလုပ်ချင်တဲ့ သူ့ရဲ့ဆန္ဒကို ပြောထားဖူးပါတယ်။

မော်ရင်ဟိုက “ကျနော်အားလပ်ချိန်မှာ ဆော်ဒီကိုသွားမှာဖြစ်ပေမယ့် ဒီနိုင်ငံမှာ အလုပ်လုပ်မယ်ဆိုတာ သေချာ ပါတယ်။ အနာဂတ်ကို ဘယ်သူမှမသိသလို ဘယ်အချိန်မှာ သွားရောက်မလဲဆိုတာ မသိပေမယ့် ဆော်ဒီကို သွား ရောက်ပြီး အလုပ်လုပ်မယ်ဆိုတာ သေချာတယ်” လို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာက ပြောခဲ့တာပါ။

မော်ရင်ဟိုကို ကမ်းလှမ်းထားတဲ့ အယ်လ်ရှာဘတ်အသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲကအသင်းနဲ့ ၄ မှတ်သာကွာဟတာဖြစ်ပါတယ်။

Source:Metro