CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၄
ရီးရယ်လ်အသင်းဥက္ကဋ္ဌပီရက်ဇ်က အသင်းရဲ့နည်းပြသစ်ဖြစ်လာနိုင်တဲ့ မော်ရင်ဟိုဟာ သူတို့ရဲ့ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့တယ်လို့ စပိန်ရုပ်မြင်သံကြားနဲ့ အင်တာဗျူးတစ်ခုမှာ ချီးကျူးခဲ့ပါတယ်။
ပီရက်ဇ်က “ကျနော်တို့နဲ့အတူ ရှိခဲ့တဲ့ နည်းပြအားလုံးကို ကျနော်နှစ်သက်ပါတယ်။ မော်ရင်ဟိုက ကျနော်တို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့တယ်ဆိုတာ မှန်ကန်ပါတယ်။ အဲ့ဒီကနေပဲ ကျနော်တို့ဟာ ၁၀ နှစ်အတွင်းမှာ ဥရောပဖလားကို ၆ ကြိမ်ရရှိခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ဘင်ဖီကာအသင်းနည်းပြမော်ရင်ဟိုဟာ ရာသီကုန်မှာ အာဘီလိုအာရဲ့နေရာ အစားထိုးဝင်ရောက်ပြီး ရီးရယ်လ် အသင်းကို ကိုင်တွယ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ကာ သူထွက်ခွာပြီးနောက် တစ်နှစ်အကြာမှာ အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့ တာပါ။

ဒီနောက်မှာ ရီးရယ်လ်အသင်းဟာ ၂၀၁၆ ကနေ ၂၀၁၈ ခုနှစ်အတွင်း ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်ဆက်တိုက် ရရှိခဲ့ပြီး ၂၀၂၂ နဲ့ ၂၀၂၄ ခုနှစ်မှာ ထပ်ပြီးရယူနိုင်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းထံ ပြန်လာဖို့ ဘယ်လို ဆက်သွယ်မှုမှမရှိကြောင်း ငြင်းဆန်ထားခဲ့ပေမယ့် သတင်းရင်းမြစ်တွေက သူဟာ ရီးရယ်လ်အသင်းနည်းပြဖြစ်ဖို့ ထိပ်ဆုံး ၃ ဦးထဲမှာ တစ်ဦးအနေနဲ့ ရှိတယ်လို့ ဖော်ပြထားတာပါ။
ရီးရယ်လ်အသင်းဥက္ကဋ္ဌပီရက်ဇ်က ဝေဖန်မှုတွေခံနေရတဲ့ ဘတ်ပီဟာ အခုအသင်းမှာရှိနေတဲ့ အကောင်းဆုံး ကစား သမားလို့ ကာကွယ်ခဲ့ပြီး ဗီနီစီးယက်စ်နဲ့ စာချုပ်သစ်အတွက် အလျင်စလိုလုပ်စရာမလိုဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင်ပီရက်ဇ်က နွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
Source:ESPN
