CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉

ရီးရယ်လ်အသင်းကွင်းလယ်လူဟောင်းဂူတီက အသင်းအနေနဲ့ ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုကို နည်းပြအဖြစ် ပြန်လည်မခန့်အပ်ဖို့ သတိပေးမှုပြုလုပ်ခဲ့ပါတယ်။ 

ဂူတီက “မော်ရင်ဟိုဟာ ကောင်းမွန်တဲ့နည်းပြတစ်ဦးပါ။ ဒါပေမယ့် သူ့ရဲ့အကောင်းဆုံးအချိန်တွေဟာ အခု မဟုတ်တော့ဘူးလို့ ကျနော်ထင်ပါတယ်။ ကျနော်ကတော့ သူ့ထက်ပိုကောင်းတဲ့ နည်းပြတွေကို ခေါ်ယူချင်ပါတယ်”လို့ စပိန်သတင်းစာ မာကာကို ပြောခဲ့တာပါ။ 

ရီးရယ်လ်အသင်းကို လက်ရှိကိုင်တွယ်နေတဲ့ နည်းပြအာဘီလိုအာဟာ အသင်းရဲ့ရလဒ်တွေမကောင်းမွန်မှုကြောင့် ဒီရာသီကုန်ရင် ထွက်ခွာရဖို့ရှိနေပါတယ်။ 

ဒီအချိန်မှာ ရီးရယ်လ်နဲ့ မော်ရင်ဟိုရဲ့နည်းပြရာထူး ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပြီး မော်ရင်ဟိုကလည်း အသင်းဟောင်းထံ ပြန်လာဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေတာပါ။ 

ရီးရယ်လ်အကယ်ဒမီကနေ ထွက်ပေါ်လာပြီး အသင်းကြီးအတွက် ပွဲပေါင်း ၅၄၀ ကျော်ပါဝင်ကစားခဲ့တဲ့ ဂူတီ ကတော့ မော်ရင်ဟိုရဲ့အကောင်းဆုံးအချိန်တွေဟာ ပြီးဆုံးသွားခဲ့ပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။ 

မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိကိုင်တွယ်ခဲ့ပြီး လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကို ၁ ကြိမ်စီ ရယူပေးနိုင်ခဲ့ပါတယ်။ 

မော်ရင်ဟိုဟာ ရီးရယ်လ်အသင်းမှာ သူ့ရဲ့အလုပ်တွေမပြီးဆုံးသေးတာကြောင့် ပြန်လာပြီး အမြင့်ဆုံးအဆင့်မှာ အနိုင်ရယူနိုင်သေးကြောင်းကို သက်သေပြသချင်နေတာပါ။ 

ရီးရယ်လ်အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ လီဗာပူးလ်အသင်းနည်းပြဟောင်းကလော့ပ်နဲ့ အမေရိကန်အသင်းနည်းပြပိုချက်တီနိုအပါအဝင် နာမည်ကြီးနည်းပြတချို့ ပါဝင်နေပါတယ်။ 

Source: Goal