CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈

မြန်မာနေရှင်လိဂ်ကလပ် ရခိုင်ယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကို,ကို ခေါ်ယူ စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့တဲ့၂၀၁၈ ခုနှစ်ကတည်းက ထိုင်းလိဂ်ကလပ် အသင်းတွေမှာ ကျင်လည်ခဲ့တဲ့ ကျော်ကိုကိုဟာ ရခိုင်ယူနိုက်တက်အသင်းနဲ့အတူ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်တော့မှာပါ။ 

ရန်ကုန်ယူနိုက်တက်အသင်းမှာ ကစားခဲ့တုန်းက မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုကို ၂ ကြိမ် ရယူနိုင်ခဲ့တဲ့ ကျော်ကိုကိုဟာ ထိုင်းလိဂ်ကလပ်တွေဖြစ်တဲ့ ချင်းရိုင်ယူနိုက်တက်၊ ဆာမက်ပရာကန်စီးတီး၊ ဆူခိုထိုင်း၊ ချင်းမိုင် ယူနိုက်တက်၊ ဖရေးနဲ့ ရာယောင်းအသင်းတွေမှာ ကစားခဲ့တာဖြစ်ပါတယ်။

ကျော်ကိုကိုဟာ ပြီးခဲ့တဲ့နှစ်က ရှမ်းယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် အဆင်မပြေမှုတွေ ရှိခဲ့တာ ကြောင့် ထိုင်းကလပ် ဖရေးယူနိုက်တက်အသင်းမှာ သွားရောက်ကစားခဲ့တာပါ။

ကျော်ကိုကိုနဲ့ ရခိုင်ယူနိုက်တက်အသင်း စာချုပ်ချုပ်နေစဉ် 

ကျော်ကိုကိုဟာ မကြာသေးခင်က မြန်မာလက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ခဲ့ပြီးနောက် ရခိုင်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ပါတယ်။

ကျော်ကိုကိုက "ဒီနှစ် ရခိုင်ယူနိုက်တက်အသင်းရဲ့ စုဖွဲ့ပြင်ဆင်အားကောင်းမှု၊ နည်းပြအဖွဲ့ကျစ်လစ် အားကောင်း မှု၊ အသင်းရဲ့ ရည်ရွယ်ချက် ရည်မှန်းချက် ကောင်းမွန်မှု၊ အသင်းပိုင်ရှင်ရဲ့ မြန်မာဘောလုံးလောက ပြန်လည်ဦးမော့ လာရေး စွမ်းစွမ်းတမံ ကြိုးစားအားထုတ်နေမှုတွေကို လေ့လာသုံးသပ်ပြီး   ငွေကြေးကို အဓိကမထားပဲ ဒီအသင်း ကို ရွေးချယ်ခဲ့တာလို့"ပြောခဲ့ပါတယ်။

ရခိုင်ယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင် နောက်ခံလူ သီဟထက်အောင်ကိုလည်း ၃ လစာချုပ်နဲ့ ခေါ်ယူခဲ့ တယ်လို့ ကြေညာခဲ့တာပါ။ 

ရခိုင်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ အဆင့် ၈ နေရာနဲ့ ရာသီအဆုံးသတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။