CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုက ရိုးမားအသင်းအတွက် အရာအားလုံးပေးခဲ့ပေမယ့် ထုတ်ပယ်ခံရတဲ့အတွက် နာကျင်ခဲ့ရတယ်လို့ Rio Ferdinand's FIVE show နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝန်ခံခဲ့ပါတယ်။

မော်ရင်ဟိုက “ရိုးမားက ထုတ်ပယ်ခံရတာဟာ ကျနော့်ကို နာကျင်စေခဲ့ပါတယ်။ အရာအားလုံးကိုရော ကျနော့် နှလုံးသားကိုပါ ပေးခဲ့တာပါ။ ကျနော်ဟာ ရိုးမားအသင်းကို ကိုင်တွယ်ဖို့အတွက် အလွန်ကောင်းမွန်တဲ့ အခွင့်အရေး တွေကို ငြင်းပယ်ခဲ့ပါတယ်။ ပထမတစ်ခုက ပေါ်တူဂီလက်ရွေးစင်အသင်းဖြစ်ပြီး ခက်ခက်ခဲခဲ ငြင်းပယ်ခဲ့ရပါတယ်။ ပြီးတော့ ဆော်ဒီရဲ့ ကြီးမားတဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ရတာဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုဟာ ရိုးမားအသင်းကို ၂၀၂၁ ခုနှစ်က စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပွဲဦးထွက်ရာသီမှာ ယူရိုပါကွန်းဖရန့်စ် လိဂ် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မော်ရင်ဟိုဟာ ဒုတိယရာသီမှာ ရိုးမားအသင်းကို ယူရိုပါလိဂ်ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ဒီရာသီအစပိုင်းမှာ အသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ပိုင်ရှင်ဖြစ်သူတွေရဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရတာပါ။ 

မော်ရင်ဟိုဟာ ရိုးမားအသင်းမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့ပြီး ထုတ်ပယ်ခံရချိန်မှာ ပရိသတ်တွေရဲ့ နှုတ်ဆက်မှုကြောင့် မျက်ရည်ကျခဲ့တာ ဖြစ်ပါတယ်။

မော်ရင်ဟိုကို တွေ့ရစဉ်

မော်ရင်ဟိုဟာ ရိုးမားအသင်းကို ကိုင်တွယ်ချိန်မှာ ပေါ်တူဂီအသင်းနဲ့ ဆော်ဒီကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ဒီကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး အီတလီကလပ်မှာပဲ ဆက်ပြီးရှိခဲ့တာပါ။ 

မော်ရင်ဟိုဟာ ရိုးမားအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အစီအစဉ်ရှိခဲ့ပေမယ့် ထုတ်ပယ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ 

ပေါ်တူဂီလူမျိုးနည်းပြဟာ လက်ရှိအချိန်မှာ ထိပ်တန်းအသင်းကြီးအချို့ အပါအဝင် ချိတ်ဆက်မှု အများအပြား ရရှိထားပေမယ့် နောက်ထပ် ကိုင်တွယ်မယ့်အသင်းကို မဆုံးဖြတ်ရသေးတာပါ။

ရိုးမားအသင်းကတော့ မော်ရင်ဟိုရဲ့ နေရာမှာ အစားထိုး တာဝန်ယူခဲ့တဲ့ ဒီရော့စီ လက်ထက်မှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ဒီရော့စီ ကိုင်တွယ်ထားတဲ့ ၅ ပွဲမှာ ၃ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲရှုံးနိမ့်ထားပါတယ်။ 

ရိုးမားအသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာ အဆင့် ၆ နေရာ ရပ်တည်နေပြီး ယူရိုပါလိဂ် ပလေးအော့ဖ်အဆင့် ပထမအကျော့ပွဲစဉ်မှာ ဖီယင်နုအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။

Source: Daily Mail