CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉
ဘာစီလိုနာအသင်းဟာ ဆိုစီဒက်အသင်းကို အရေးနိမ့်ပြီး ပြိုင်ပွဲစုံ ၁၁ ပွဲ ဆက်တိုက် နိုင်ပွဲရတဲ့ စံချိန်ရပ်တန့် သွားခဲ့တဲ့ပွဲမှာ ကွင်းလယ်လူ ဒီဂျောင်က ဒိုင်လူကြီးရဲ့ အပြုအမူကို ဒေါသထွက်ပြီး ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
ဒီဂျောင်က “လူကျွံဘောလို့ သတ်မှတ်ရင် လူကျွံဘောပါပဲ။ ဒါပေမယ့် ကျနော်ပြောချင်တာက ဒိုင်လူကြီးနဲ့ စကား ပြောလို့ မရတာကိုပါ။ ကျနော်က အသင်းခေါင်းဆောင် ဖြစ်တဲ့အတွက် ဒါကို ကျနော် လုံးဝနားမလည်ပါဘူး။ သူနဲ့ စကားပြောဖို့ ကြိုးစားကြည့်တော့ သူက ကျနော့်ထက် ပိုပြီးကောင်းတဲ့ မျက်နှာနဲ့ကြည့်နေပါတယ်။ အလွန် စိတ်ပျက်ဖို့ ကောင်းပြီး ဒီလိုပြုမူလို့မရပါဘူး”လို့ ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ ဆိုစီဒက်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး ၂၀၂၆ ခုနှစ်ထဲမှာ ရှုံးပွဲစတင် ကြုံတွေ့ခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် အဆင့် ၂ နေရာက ရီးရယ်လ်အသင်းကို ၁ မှတ်သာ ဖြတ်ထားနိုင်တော့တဲ့ ဘာစီလိုနာအသင်းဟာ ယာမဲလ်ရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တဲ့ ဆုံးဖြတ်အပေါ် မေးခွန်းထုတ်မှုတွေ ရှိခဲ့ကြတာပါ။

ဘာစီလိုနာအသင်းကို တွေ့ရစဉ်
ဒီပွဲမှာ ဘာစီလိုနာအသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ကွင်းလယ်ဒိုင်လူကြီး မန်ဇာနိုနဲ့ စကားပြောခွင့်ရခဲ့တဲ့ ဒီဂျောင်ဟာ ဒိုင်လူကြီးရဲ့ အပြုအမူကို စိတ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
ဒိုင်လူကြီးတွေကို ဝေဖန်မှုပြုလုပ်ဖို့ ငြင်းဆန်လေ့ရှိတဲ့ ဘာစီလိုနာအသင်း နည်းပြ ဟန်ဆီဖလစ်ဟာ ဒီဂျောင် ပြောခဲ့တဲ့ အရာတွေကို ထောက်ခံခဲ့ပါတယ်။
ဒါ့ပြင် ဟန်ဆီဖလစ်က ရှုံးနိမ့်ခဲ့တာကြောင့် မပျော်ရွှင်ဘဲ စိတ်ပျက်မိပေမယ့် လာမယ့်ပွဲတွေကို အာရုံစိုက်ရမယ်လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ လာမယ့်ပွဲတွေအဖြစ် ကြားရက်ထဲမှာ ဆလားဗီးယားအသင်းနဲ့ ချန်ပီယံလိဂ်၊ အိုဗီဒိုအသင်း တို့နဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
