CNI Sport News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉
၂၀၂၅ အာဖရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက အိမ်ရှင်မော်ရိုကိုအသင်းကို အချိန်ပိုမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။
ဗိုလ်လုပွဲရဲ့မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ ကွင်းလယ်ဒိုင်လူကြီးက မော်ရိုကိုအသင်းဘက်ကို ပယ်နယ်တီ ပေးခဲ့ပြီးနောက် ဆီနီဂေါအသင်းနည်းပြက သူ့ရဲ့ကစားသမားတွေကို ပွဲဆက်မကစားဘဲ ကွင်းပြင် ထွက်ခိုင်းကာ အဝတ်လဲခန်းထံ ခေါ်ဆောင်သွားခဲ့တာပါ။
ဆီနီဂေါအသင်း ကြယ်ပွင့် မာနေးကတော့ ကွင်းထဲမှာဆက်နေပြီး သူ့ရဲ့ကစားသမားတွေကို ပွဲပြီးအောင် ဆက်ကစားဖို့ စည်းရုံးနေခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ မာနေးဟာ အဝတ်လဲခန်းထဲကို သွားရောက်ကာ အသင်းဖော်တွေကို စည်းရုံးနိုင်ခဲ့တာကြောင့် ဆီနီဂေါကစားသမားတွေ ကွင်းထဲပြန်လည် ဝင်ရောက်လာခဲ့ပြီး ပွဲကိုပြန်စတင်နိုင်ခဲ့တာပါ။
မော်ရိုကိုအသင်း ရရှိတဲ့ ပယ်နယ်တီကို ဘရာဟင်ဒီယက်ဇ် ကန်သွင်းခဲ့တာမှာ ဆီနီဂေါအသင်း ဂိုးသမား မန်ဒီ ကာကွယ်နိုင်ခဲ့တာကြောင့် ပွဲချိန်အတွင်း ဂိုးမရှိ သရေကျပြီး အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

ဆီနီဂေါအသင်းကို တွေ့ရစဉ်
အချိန်ပိုမှာ ဂူယီက ဆီနီဂေါအသင်းအတွက် အဖိုးတန် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့အတွက် ဆီနီဂေါအသင်းဟာ အာဖရိကဖလား ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ကိုင်မြှောက်နိုင်ခဲ့တာပါ။
မော်ရိုကိုအသင်း နည်းပြ ရီဂရာဂီက သူ့ရဲ့အသင်းကို ကွင်းပြင် ထွက်ခွာစေခဲ့တဲ့ ဆီနီဂေါအသင်း နည်းပြရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး ပယ်နယ်တီလွဲခဲ့တဲ့ ဘရာဟင်ဒီယက်ဇ်ကို ကာကွယ်ပေးခဲ့ပါတယ်။
ရီဂရာဂီက “ဒီပွဲက အာဖရိကအတွက် ရှက်စရာကောင်းခဲ့ပါတယ်။ အနိုင်ရချိန်မှာရော ရှုံးနိမ့်ချိန်မှာပါ သူ့အနေနဲ့ အဆင့်အတန်းရှိဖို့ လိုပါတယ်။ ဒီပွဲမှာ သူလုပ်ခဲ့တာတွေက အာဖရိကအတွက် ဂုဏ်ယူစရာမရှိပါဘူး။ ဒီယက်ဇ် ပယ်နယ်တီ ကန်သွင်းမှု လွဲချော်တယ်ဆိုတာ ကျနော်တို့ လက်ခံပြီး ရှေ့ဆက်သွားဖို့လိုပါတယ်”လို့ ပြောခဲ့ပါ တယ်။
ဆီနီဂေါအသင်းနည်းပြဟာ ပွဲအပြီးအင်တာဗျူးမှာ သူတို့ဒီလိုမျိုး မလုပ်သင့်ပေမယ့် ဒီဖြစ်ရပ်အတွက် တောင်းပန်တယ်လို့ ပြောခဲ့ပါတယ်။
ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို မာနေးက ရရှိခဲ့ပြီး အကောင်းဆုံး ဂိုးသမားဆုကို မော်ရိုကိုအသင်း ဂိုးသမား ဘိုနိုနဲ့ ဂိုးသွင်း အများဆုံးကစားသမားဆုကို မော်ရိုကိုအသင်း တိုက်စစ်မှူး ဘရာဟင်ဒီယက်ဇ်က ရရှိခဲ့ပါတယ်။
Source: ESPN
