CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈
အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)ဟာ ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းကွင်းအပြင်ထွက်ခွာခဲ့တာကြောင့် ဗိုလ်လုပွဲရလဒ်ကို ပယ်ဖျက်ပြီး မော်ရိုကိုအသင်းကို ၂၀၂၅ အာဖရိကဖလားပြိုင်ပွဲရဲ့ချန်ပီယံအဖြစ် ကြေညာခဲ့ပါတယ်။
ဇန်နဝါရီ ၁၈ ရက်ကယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက မော်ရိုကိုအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒါပေမယ့်ဒီပွဲရဲ့ထပ်ဆောင်းအချိန်ပိုမှာ ကွင်းလယ်ဒိုင်လူကြီးက အိမ်ရှင်မော်ရိုကိုအသင်းကို ပယ်နယ်တီပေးခဲ့တာကြောင့် ဆီနီဂေါအသင်း နည်းပြနဲ့ ကစားသမားအများအပြားဟာ ပွဲကစားဖို့ငြင်းဆန်ကာ ကွင်းထဲကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းကြယ်ပွင့်မာနေးရဲ့ဖျောင်းဖျပြောဆိုမှုကြောင့် ဆီနီဂေါကစားသမားတွေကွင်းထဲပြန်ဝင်လာကာ ၁၇ မိနစ်ကြာ ရပ်နားခဲ့ရတဲ့ ပွဲကို ပြန်စတင်နိုင်ခဲ့တာပါ။
ဒီအချိန်မှာ ဘရာဟင်ဒီယက်ဇ်ရဲ့ပယ်နယ်တီကို ဆီနီဂေါအသင်းဂိုးသမား ကာကွယ်နိုင်ခဲ့တဲ့အတွက် အချိန်ပိုဆက်ကစားခဲ့ရပြီး အချိန်ပိုမှာ ဂေးယီက ဆီနီဂေါအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါအသင်းနှင့်မော်ရိုကိုအသင်း ယှဥ်ပြိုင်နေစဉ်
ဒါပေမယ့် မော်ရိုကိုဘောလုံးအဖွဲ့ချုပ်က အယူခံတင်သွင်းပြီးနောက် အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့အယူခံဘုတ်အဖွဲ့က ဆုံးဖြတ်ချက်ချအပြီး မှာ ဗိုလ်လုပွဲရလဒ်ကို ပယ်ဖျက်ကာ မော်ရိုကိုအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ပေးကြောင်း ကြေညာခဲ့တာပါ။
ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်မပေးသေးပေမယ့် အမျိုးသားဘောလုံးအသင်းရဲ့ X ဆိုရှယ်မီဒီယာမှာ ကစားသမားတွေ အာဖရိကဖလားနဲ့ အောင်ပွဲခံနေတဲ့ ရုပ်သံဖိုင်တင်ထားပါတယ်။
သတင်းတွေမှာတော့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ဟာ ဒီဆုံးဖြတ်ချက်အတွက် နိုင်ငံတကာအားကစားခုံရုံးထံ အယူခံတင်သွင်းဖွယ်ရှိတယ်လို့ ဖော်ပြထားပါတယ်။
