CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၁၆

ဘန်ကောက်မြို့ရှိ တရုတ်တန်းမှ တရုတ်နိုင်ငံသားပိုင် ဆိုင်များတွင် အရင်းအနှီးထည့်ဝင်ထားသော ထိုင်းနိုင်ငံ သားများသည် အများစုထောင်ဒဏ်သုံးနှစ် သို့မဟုတ် ဘတ်တစ်သန်းနှင့် နေ့စဉ်ဒဏ်ကြေးများ ပေးဆောင်ရနိုင် သည်ဟု ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာနမှ အကြီးအကဲဖြစ်သူက သတိပေးလိုက်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြသည်။

ဌာန၏ညွှန်ကြားရေးမှူးဖြစ်သူ သိုးဆပန် ဒန်ဆူပူထရာ (Thosapone Dansuputra) က ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား ပိုင် စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်ခြင်းနှင့် ထိုဥပဒေကို ချိုးဖောက်ခြင်းအတွက် အပြစ်ပေးမှုများကို တနင်္ဂနွေနေ့တွင် အလေးထားပြောကြားခဲ့ခြင်းဖြစ်သည်။ ဘန်ကောက် တရုတ်တန်းတွင် ခရီးသွားဗီဇာ ကိုင်ဆောင်ထားသော တရုတ်နိုင်ငံသားများက ထိုင်းနိုင်ငံသားများ၏ ရင်းနှီးငွေများဖြင့် ဆိုင်များ၊ စားသောက်ဆိုင် များ ဖွင့်လှစ်နေကြပြီး ယင်းက ဒေသခံများ၏ စီးပွားရေးကို ထိခိုက်စေသည်ဟု ဈေးသည်တစ်ဦးက တိုင်ကြားခဲ့ပြီး နောက် ထိုကဲ့သို့ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်မြို့ တရုတ်တန်း(ဓါတ်ပုံ- ဘန်ကောက်ပို့စ်)

ထိုင်းဥပဒေအရ နိုင်ငံခြားသားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်း စတင်ရန်အတွက် ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာန၏ ခွင့်ပြုချက်လိုအပ်ကြောင်း၊ ဒေသခံများ၏ မတည်ငွေကို အသုံးပြုထားသော တရားမဝင် စီးပွားရေးလုပ်ငန်းများကို ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း လည်း သိုးဆပန်က ပြောခဲ့သည်။

နိုင်ငံခြားသားများနှင့်စပ်တူလုပ်ငန်းလုပ်ကိုင်သော ထိုင်းနိုင်ငံသားများသည် ၎င်းတို့ အမှန်တကယ်လုပ်ငန်း လုပ်ဆောင်သည်ဆိုသည့် ဘဏ်မှစာရွက်စာတမ်းများကို ပြသရမည်ဖြစ်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့မှ ဝန်ထမ်းများသည် ထိုသို့ ချိုးဖောက်မှုများကို ပုံမှန်စစ်ဆေးမှုများ လုပ်ဆောင်နေ သည်ဟုလည်း ၎င်းက ပြောသည်။

နိုင်ငံခြားသားများကို ငွေအရင်းအနှီးထုတ်ပေးထားသူများ၊ တရားဝင် စာရွက်စာတမ်းမရှိဘဲ စပ်တူလုပ်ကိုင်နေ သည့် ထိုင်းနိုင်ငံသားများသည် ထောင် ၃ နှစ် သို့မဟုတ် ဘတ် ၁ သန်း ဒဏ်ငွေအပြင် ချိုးဖောက်မှုကို မရပ်မချင်း ဒဏ်ကြေး ဘတ် ၁၀၀၀၀(တစ်သောင်း) မှ ၅၀၀၀၀ (ငါးသောင်း) အထိ ပေးဆောင်ရမည်ဟုလည်း ၎င်း၏ ပြောဆိုမှု တွင် ပါဝင်သည်။ သမိုင်းကြောင်း၊ အစားအသောက် အရည်အသွေးနှင့် လုပ်ဆောင်ချက်များကြောင့် ဘန်ကောက်မြို့ရှိ တရုတ်တန်းသည် ပြီးခဲ့သည့်နှစ်တွင် လည်ပတ်ရန်အကောင်းဆုံး ကမ္ဘာ့ပေါ်ရှိ လမ်းများတွင် နံပါတ် ၈ နေရာရှိခဲ့သည်။

Source:Bangkokpost