CNI International News

အဘူဒါဘီ၊ဇန်နဝါရီ ၁၆

စစ်လက်နက် ရောင်းဝယ်မှုကို မြှင့်တင်ရန် မျှော်လင့်ထားသော ခရီးစဉ်အဖြစ် တောင်ကိုရီးယားသမ္မတ ယွန်ဆော့ရွဲ(Yoon Suk Yeol) သည် တနင်္ဂနွေနေ့တွင် ယူအေအီးနိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနှင့် ယူအေအီး တို့အကြား ဒေါ်လာ ဘီလီယံနှင့်ချီ စီပွားရေး သဘောတူညီချက်များ၊ ယူအေ အီးကို ကာကွယ်ရေး အထူးတပ်ဖွဲ့ဝင်များ ချထားရေး စသည့်ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် ရှိနေပြီးနောက် ယွန်၏ ခရီးစဉ်ပေါ် ပေါက်ခဲ့ခြင်းဖြစ်သည်။
ထိုသဘောတူညီချက်သည် တောင်ကိုရီးယားသမ္မတဟောင်း လက်ထက်တွင် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်တွင် ယူအေအီး၏ အိမ်နီးချင်း အီရန်က အဆိုပါကိစ္စများကြောင့် တောင်ကိုရီးယား ရေနံတင် သင်္ဘောတစ်စင်းကို သိမ်းဆည်းလိုက်သည်အထိ တင်းမာမှုများလည်း ဖြစ်ခဲ့သည်။

ယူအေအီး ခေါင်းဆောင် ရှိတ်မိုဟာမက် ဘင်ဇာယတ် အယ်လ်နာယန်ကိုတွေ့ရစဉ်(AP)

ထိုသို့ တင်းမာမှုများ ရှိနေသော်လည်း တောင်ကိုရီးယားသမ္မတသည် နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှု များကို မြှင့်တင်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ပထဝီနိုင်ငံရေးအရ အရှေ့အလယ်ပိုင်းသည် စဉ်ဆက်မပြတ် ပြောင်းလဲနေကြောင်း၊ ထို့ကြောင့် တောင်ကိုရီးယား အနေဖြင့် ယူအေအီးနှင့် ဆက်သဆံရေးကို သေချာအောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း နိုင်ငံတကာ မဟာဗျူဟာ ဖိုရမ်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
တောင်ကိုရီးယား သမ္မတသည် အဘူဒါဘီရှိ ကာအယ်လ်ဝါတန် (Qasr Al Watan) နန်းတော်၌ ယူအေအီး ခေါင်းဆောင် ရှိတ်မိုဟာမက် ဘင်ဇာယတ် အယ်လ်နာယန် (Sheik Mohammed bin Zayed Al Nahyan) နှင့် တွေ့ဆုံခဲ့ကာ ရှိတ်မိုဟာမက်က တောင်ကိုရီးယားတွင် ဒေါ်လာ ဘီလီယံ ၃၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်ဟု ပြောကြောင်း တောင်ကိုရီးယားနိုင်ငံပိုင် ယွန်ဟတ် သတင်းတွင် ဖော်ပြသည်။

အတိအကျကိုမူ ရှင်းလင်းထား ခြင်းတော့ မရှိပေ။ တောင်ကိုရီးယားနိုင်ငံသည် ရေနံအတွက် ယူအေအီးကို မှီခိုနေ ရသော်လည်း ပင်လယ်ကွေ့နိုင်ငံများနှင့် ရေနံအပြင် တခြားသော သဘောတူညီချက်များစွာ ရရှိထားသည်။

တောင်ကိုရီးယားနှင့် ယူအေအီးတို့အကြား ကား အပါအဝင် တခြားသော ကုန်ပစ္စည်းများအတွက် ကုန်သွယ်မှု တန်ဖိုးမှာ ဒေါ်လာဘီလီယံချီ ရှိသည်။

ယူအေအီး ခေါင်းဆောင် ရှိတ်မိုဟာမက် ဘင်ဇာယတ် အယ်လ်နာယန်နဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆော့ရွဲကိုတွေ့ရစဉ် (AP)

 

ယွန်၏ခရီးစဉ်တွင် ဆမ်ဆောင်း၊ ဟွန်ဒိုင်းနှင့် တခြားသော စီးပွားရေး လုပ်ငန်းများမှ အရာရှိများလည်း ပါဝင်ခဲ့ကာ ယခုခရီးစဉ်သည် နှစ်နိုင်ငံကြား ဆက်ဆံရေးကို ခိုင်မာမှုရှိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ခရီးစဉ်မတိုင် ခင် ကတည်းက သတ်မှတ်ခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် လက်နက်ရောင်းဝယ်ရေး ကိစ္စရပ်များပါ ထည့်သွင်း ဆွေးနွေးရန် ဆောင်ရွက်ထားသည်ဟု အမည်မဖော်လိုသော သမ္မတရုံး အရာရှိတစ်ဦး၏ ပြောဆိုမှုကို ကိုးကား၍ ယွန်ဟတ်သတင်းတွင် စနေနေ့က ဖော်ပြခဲ့သည်။

တောင်ကိုရီးယားနှင့် ယူအေအီး နှစ်နိုင်ငံကြား M-SAM ရောင်းချခြင်းအတွက် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ တန်ကြေးရှိ သဘောတူညီချက် ရရှိခဲ့ပြီးဖြစ်သည်။ M-SAM သည် ၄၀ ကီလိုမီတာ အောက်တွင် အလုပ် လုပ်သော ဒုံးခွင်းလေကြောင်း ကာကွယ်ရေးစနစ်တစ်ခု ဖြစ်သည်။

ယူအေအီးအာဏာပိုင်များသည် အီရန်မှ ထောက်ပံ့ထားသော ယီမင်ရှိ ဟူသီသူပုန်များ၏ တာဝေးပစ် ဒုံးကျည်များ ဖြင့် ပစ်မှတ်ထား ခံခဲ့ရမှုကြောင့် ၎င်းတို့၏ လေကြောင်းပိုင်နက်ကို ကာကွယ်ရန် အရှိန်မြှင့်လျက်ရှိသည်။

Source: AP