CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၆

ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ စည်းလုံးသွားမည်ကို အာဏာရှင်များမှ စိုးရိမ်ခဲ့ကြကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

ယနေ့ (မတ်လ ၁၆ ရက်)တွင် ကျရောက်သည့် (၇၃) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားမှာ ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခွန်မြင့်ထွန်း “ကျနော်တို့ ဒီနေ့ ဒီအချိန်ကာလမှာ ကျနော်တို့ တိုင်းပြည်အတွင်းမှာ ပြည်ထောင်စုညီညွတ်ရေးဟာ အင်မတန် အရေးကြီးပါတယ်၊ အမျိုးသားညီညွတ်ရေးက အင်မတန် အရေးကြီးပါတယ်၊ မိမိတို့ရဲ့ လူမျိုးအလိုက် စည်းလုံးညီ ညွတ်‌ရေး တွေ အရေးကြီးသလိုပဲ တိုင်းရင်းသားတွေ အကြားမှာလည်း စည်းလုံးညီညွတ်ရေးတွေ အရေးကြီးပါတယ်။ ထို့နည်းတူပဲ ကျနော်တို့ တိုင်းပြည်အရေးဟာ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေး တစ်နည်းအားဖြင့် တိုင်းရင်းသား အရေးဖြစ်ပါတယ်၊ စစ်အာဏာရှင်တွေ အပါအဝင် အာဏာရှင်တွေဟာ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး နှစ်ခု ပေါင်းစည်းသွားမိမှာ အင်မတန် စိုးရိမ်သလိုပဲ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေ ပေါင်းစည်းမိမှာကိုလည်း အင်မတန် စိုးရိမ်ခဲ့ကြတယ်။ နည်းမျိုးစုံနဲ့ ဖြိုခွဲခဲ့သလို ဆက်လက်ပြီးတော့လည်း ဖြိုခွဲနေဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။

မတရားသော စနစ်ဆိုးများ ဖျက်သိမ်းရာတွင် ပအိုဝ်းလူမျိုးများအနေနှင့် အင်အားစု တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ခွန်မြင့်ထွန်းက ပြောကြားခဲ့သည်။

ထို့အတူ ပြည်ထောင်စုသား အားလုံးညီညွတ်ရေးကို ရယူ၍ မိမိတို့လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ ထူထောင်ရန် ပအိုဝ်းများမှာ အမြဲအသင့်ရှိကြောင်း ၎င်းက ပြောသည်။

၂၀၁၉ ခုနှစ်က ကျင်းပခဲ့သော ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား

လက်ရှိနွေဦးတော်လှန်ရေးတွင် ပအိုဝ်းအမျိုးသားများနှင့် ပအိုဝ်းလူငယ်များ တွန်းတွန်းတိုက်တိုက် ပါဝင်ခဲ့မှုကို အသိအမှတ် ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

၎င်းက “လက်ရှိ နွေဦးတော်လှန်ရေးတွင် ပအိုဝ်းအမျိုးသားများနှင့် လူငယ်များ၏ တွန်းတွန်းတိုက်တိုက် ပါဝင်ခဲ့မှုကို ကျနော့် အနေဖြင့် အသိအမှတ် ပြုလိုပါတယ်၊ ရှမ်းပြည်တောင်ကြီး တစ်ဝိုက်နှင့် ရန်ကုန်တိုင်းရင်းသား လူငယ်များ သပိတ်တွင် ပအိုဝ်း လူငယ်များ တက်တက်ကြွကြွ အာဏာရှင်ကို ဆန့်ကျင် သပိတ်မှောက်ခဲ့ကြသည်မှာ သမိုင်းမှတ်တမ်းတင်မယ့် နေ့ရက်လည်း ဖြစ်ပါတယ်။ ထို့အတူ နွေဦးတော်လှန်ရေးသည် ပြည်သူလူထု တစ်ရပ်လုံး အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်တဲ့ လူထုအုံကြွမှု တစ်ရပ်ပီပီ တိုင်းပြည်ကို တိုင်းရင်းသား ပြည်သူများ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ဖို့ တော်လှန်နေ ကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပအိုဝ်းအမျိုးသားနေ့သည် ပြည်ထောင်စု ခိုင်မြဲရေးနှင့် အခြားသော အမျိုးသားများနှင့် ညီညီညွတ်ညွတ် နေထိုင်နိုင်ရေး အတွက် ပအိုဝ်းအမျိုးသားများ ကတိကဝတ် ပြုသည့်နေဟုလည်း မိမိအနေဖြင့် မှတ်ယူကြောင်း ဒူဝါလရှီးလက ပြောသည်။

ယနေ့ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ခွန်မြင့်ထွန်း၊ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ NUG မှ ဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) မှ ဦးအောင်ဆန်းမြင့်၊ ဆလိုင်းအိုက်ဇက်ခင်တို့ တက်ရောက်ခဲ့ကြသည်။