CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၆

မြန်မာပြည်ကို မကြာခင် လာရောက်မည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်ကို နေပြည်တော်မှာ တွေ့ဆုံရမည်ဆိုပါက သွားရောက်တွေ့ဆုံရန် အဆင်ပြေမည် မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်သည် မြန်မာ နိုင်ငံသို့ မတ်လ ၂၀ ရက်မှ ၂၃ ရက်ထိ လာရောက် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေး တွေ့သင့် တွေ့ထိုက်သူ လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းများဖြင့် တွေ့ဆုံမည် ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အထူးကိုယ်စားလှယ် တွေ့ဆုံနိုင်ရေး ပြင်ဆင်ထားရန် နစကဘက်က အကြောင်းကြားထားသည်။

ပဒိုစောတောနီးက “လာမယ့် နေရာနဲ့ တွေ့မယ် နေရာကလည်း ဟိုးနေပြည်တော်မှာဆိုတော့ ဒီနေ့ဒီကာလမှာ ကျနော်တို့ရဲ့ ရပ်တည်မှုနဲ့ ကျနော်တို့ စစ်အာဏာရှင် ကျဆုံးရေးအတွက် ကျနော်တို့ မားမားမတ်မတ် ရပ်တည်ပြီးတော့ လုပ်နေတဲ့ အချိန် ကာလမှာတော့၊ နောက်ပြီးတော့ တိုက်ပွဲတွေ ဒီလောက်ဖြစ်နေတဲ့ ကာလမျိုးမှာတော့ ကျနော်တို့အတွက်ကတော့ အဲဒီမှာ သွားပြီး တွေ့ဖို့ဆိုတာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလို့ ကျနော်တို့ ယူဆလို့ ရတာပေါ့လေ။ ဒါပေမယ့် တခြားနည်းလမ်းနဲ့ သူတွေ့နိုင်မယ်ဆိုရင် တွေ့ခွင့်ပေးမယ်ဆိုရင် ဒါကတော့ တစ်မျိုးပေါ့လေ။ ဘာလို့လဲဆိုတော့ သူက ဟိုးနေပြည်တော်ကို လာမယ်ဆိုတော့လည်း သူလုပ်ချင်တိုင်း လုပ်လို့ရမယ်လို့ ကျနော်တို့တော့ မထင်ဘူးလေ အဲဒီလိုပဲ ယူဆရတာပဲ”ဟု ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဗိုလ်ချုပ်ကြီးစေမူတူးစေးဖိုးကိုတွေ့ရစဉ်

အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရန် စဉ်းစားချက်ရှိကြောင်း၊ သို့သော်လည်း လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေ များကြောင့် နေပြည်တော်သို့ လာရောက်တွေ့ဆုံရမည်ဆိုပါက အဆင်မပြေနိုင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အာဆီယံ အထူးကိုယ်စားလှယ်နှင့် မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံကြမည်ကို တော့ မသိရသေးပေ။
KNU ပါဝင်သည့် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်(၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)သည် အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း စာရေးသား၍ တောင်းဆိုထား ကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်၏ တွေ့ဆုံလိုကြောင်း အကြောင်းကြားချက်ကို စောင့်ဆိုင်းနေကြောင်း PPST အဖွဲ့ ဝင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောကြားထားသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါနှင့် PPST တွေ့ဆုံစဉ် မစ္စတာဆာဆာကာဝါက အာဆီယံအထူးကိုယ်စား လှယ်နှင့် တွေ့ဆုံရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် KNU ၏ တပ်မဟာ တချို့သည် နွေဦးတော်လှန်ရေးကို ထောက်ခံ ကူညီပေးလျက်ရှိသည်။

ထို့နောက် တပ်မတော်နှင့် KNU တို့အကြား လေးကေ့ကော်ဒေသ၊ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်၊ အာရှလမ်းမကြီး တစ် လျှောက်၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး စသည့် ဒေသတော်တော်များများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။