CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာပြည်ခရီးစဉ်အတွင်း လက်ရှိမြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းရေးနှင့် ပတ်သက်၍ များစွာမျှော်လင့်၍ မရသေးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်သည် ယခုလ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

ဦးရဲထွန်းက “ဘာတွေ မျှော်လင့်လို့ ရမလဲဆိုရင် သူက တွေ့မယ်ဗျာ၊ တွေ့တဲ့အခါကြတော့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တွေ့ပြီး ထူးထူးခြားခြား သူက ဘာတွေပြောနိုင်မလဲ၊ ဘာတွေ ကြားထဲကနေပြီးတော့ စေ့စပ်နိုင်မလဲဆို တဲ့ လမ်းစပေါ့နော်၊ အဲဒီလို လမ်းစလေးတွေ မျှော်လင့်နိုင်တာပေါ့၊ ဒါကျနော်တို့က လမ်းစလို့ ပြောတာက ဘာမှ သိပ်ပြီးတော့ ရုတ်တရက်ကြီး ထူးထူးခြားခြားဖြစ်လာမှာ မဟုတ်လို့လေ၊ မဟုတ်တဲ့အခါကြတော့ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမယ်၊ စကားပြောခွင့်ရမယ်၊ နိုင်ငံရေးအခြေအနေတွေကို ဒေါ်အောင်ဆန်းစု ကြည် ကလည်း အကုန်မသိသေးတဲ့ အခါကြတော့ သူရဲ့ သဘောထားတွေ တောင်းခံတဲ့အခါမှာ သူကလည်း သဘောထား ပေးဖို့ကတော့ အခက်အခဲရှိနေဦးမှာ၊ ဒါကြောင့်မို့လို့ သိပ်အများကြီးတော့ ကျနော်တို့ မမျှော်လင့် နိုင်ဘူးပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးမှာ စစ်ဆေးနေစဉ်

ထို့နောက် အာဆီယံထိပ်သီး ခေါင်းဆောင်များသည် နိုဝင်ဘာ ၁၀ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ အစည်းအဝေးကျင်းပ၍ မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် အာဆီယံဘုံသဘောတူချက် ၅ ရပ်ကို ပြန်လည် သုံးသပ်ဆွေးနွေးလျက်ရှိသည်။

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပေါ်နေသည့် နိုင်ငံ‌ရေးပြဿနာများ ဖြေရှင်းရေး အာဆီယံအနေဖြင့် ထိထိရောက် ရောက် လုပ်ဆောင်နိုင်လိမ့်မည်ဟု မမြင်မိကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အာဆီယံကလည်း ASEAN’s 5-Point Consensus ကလည်း သဘောတူထားတာက ကြာနေပြီ။ လောလောဆယ် ဘာမှ အကောင်အထည် ဖော်လို့ရတဲ့ အခြေအနေမျိုးမှာလည်း မရှိဘူး။ အရင်တစ်ခါ လာတုန်း ကတော့က လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးကိစ္စတွေကို အကူအညီပေးလို့ ရနေပြီဆိုတဲ့ သဘောတူညီချက်မျိုး ရထားတယ်လို့ အဲဒီလို ပြောထားတာမျိုး ရှိတယ်။ အခုတစ်ခါလာရင်လည်း လူသားချင်း စာနာထောက်ထားရေး အကူအညီပေးရေး ကိစ္စလောက်လား၊ အကောင်အထည်ဖော်လို့ ရနိုင်မလားဆိုပြီး ရနိုင် တဲ့ အခြေအနေမျိုးကို ဖန်တီးနိုင်မလား အဲဒါလည်း မျှော်လင့်ချက်လောက်ပဲ ဖြစ်လိမ့်မယ် ထင်တယ်၊ လက်တွေ့ အကောင်အထည်ဖော်ဖို့က အခုဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ပြောရမယ်ဆိုရင် သိပ်ကို ထိထိရောက်ရောက် လုပ်နိုင်လိမ့်မယ်လို့တော့ မမြင်ဘူး” ဟု ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ် (ဖရွန်တီးယားမြန်မာ)

၂၀၂၂ ခုနှစ်၊ ဇူလိုင်လက အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း နစကဥက္ကဋ္ဌ အပါအဝင် နစက၏ နိုင်ငံခြားရေးဝန်ကြီး၊ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)နှင့် နိုင်ငံရေးပါတီအချို့တို့ တွေ့ဆုံဆွေးနွေးခဲ့ သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။

မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုရန် တောင်းဆိုထားပြီး နစကဘက်ကလည်း လာမည့် မြန်မာပြည် ခရီးစဉ်မှာ တွေ့ခွင့်ပေးမည်ဟု ကတိပြုထားကြောင်း ပရတ်ဆိုခွန် က ပြောကြားထားသည်။

လက်ရှိတွင် အာဆီယံ သဘောတူညီချက် ၅ ချက်ကို နစက-က အကောင်အထည် ဖော်ပေးနိုင်ခြင်း အားနည်းသည်ဟုဆိုကာ အာဆီယံအစည်းအဝေးများ၌ နစက၏ အဆင့်မြင့် ပုဂ္ဂိုလ်များအား တက်ရောက်ခွင့် မပေးဘဲ နိုင်ငံရေးနှင့်မဆိုင်သော သံတမန် တစ်ဦးကိုသား အာဆီယံအဖွဲ့ဝင် နိုင်ငံများက ဆုံးဖြတ်ထားကြသည်။