CNI International News

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၁

မလေးရှားနိုင်ငံ၏ ၁၅ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲ (GE15) ဝင်ကြမည့် ကိုယ်စားလှယ်များသည် မဲဆန္ဒရှင်ပြည်သူများ အထူးသဖြင့် လူငယ်လူရွယ်များထံမှ ထောက်ခံမှု ရရှိရန် TikTok ပလက်ဖောင်းကို မဲဆွယ်စည်းရုံးရေးအဖြစ် အသုံးချနေကြောင်း Channel News Asia မီဒီယာက ရေးသားဖော်ပြသည်။

ထိုသို့ အသုံးချရာတွင် စင်ကာပူအဆိုတော် Alyph ၏ ဟစ်ဟော့သီချင်း တစ်ပုဒ်ဖြစ်သော Swipe ဖြင့် TikTok အွန်လိုင်း ပလက်ဖောင်းသို့ လွှင့်တင်ခဲ့ရာတွင် ပါဝင်ခဲ့သူမှာ ပါရီကာတန်အမျိုးသား (PN) ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ မူဟစ်ဒင်ယက်ဆင် ဖြစ်သည်။

TikTok သည် ၎င်း၏ ပလက်ဖောင်းတွင် နိုင်ငံရေးကြော်ငြာများကို ခွင့်မပြုကြောင်း ယခင်က ကြေညာခဲ့ဖူးသော် လည်း ယခု မလေးရှား ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများကတော့ TikTok ပေါ်သို့ မဲဆွယ်စည်းရုံးရေး ဗွီဒီယိုဖိုင်များ လွှင့်တင်ခြင်းဖြင့် လူငယ်လူရွယ်များကို ထိတွေ့ဆက်ဆံ လျက်ရှိ သည်။

TikTok သုံးစွဲသူတစ်ဦးဖြစ်သော @abahkitemuhyiddin ၏ ပို့စ်တစ်ခုတွင် Alyph က ဟစ်ဟော့သီချင်း အလိုက် နှင့်အတူ မလေးရှားလွှတ်တော် အမတ်နေရာအတွက် အရွေးခံနေသည့် ဝန်ကြီးချုပ်ဟောင်းကို BN ပါတီနှင့် Pakatan Harapan (PH) ညွန့်ပေါင်းအဖွဲ့တို့၏ နိုင်ငံရေးအဖွဲ့အစည်း အမှတ်တံဆိပ် (logo) များဖြင့် မြင်တွေ့ရ သည်။

မလေးရှား ပြည်သူနှစ်ဦးနဲ့ မလေးအလံကိုတွေ့ရစဉ် (BLOOMBERG)

၁၅ စက္ကန့်ကြာသည့် အဆိုပါ ဗွီဒီယိုဖိုင်သည် ၄ ရက်အတွင်း ကြည့်ရှုမှု ၄ သန်းနီးပါးနှင့် အင်တာနက် သုံးစွဲသူများ ထံမှ like စုစုပေါင်း ၃၂၂,၀၀၀ ကျော် ရရှိခဲ့သည်။

အခြား ဗွီဒီယိုတစ်ခုတွင် @abahkitemuhyiddin ဆိုသည့် account ပိုင်ရှင်က PH ညွန့်ပေါင်းအဖွဲ့၏ ဥက္ကဋ္ဌ အန်နဝါအီဘရာဟင်ကို ထောက်ခံကြဖို့ ဆော်ဩနေခဲ့သည်။

မစ္စတာအန်နဝါသည် ဒီမိုကရက်တစ် စွမ်းဆောင်မှု ပါတီ (DAP) တစ်ခုတည်း သာမကဘဲ ၎င်းကို ကျောထောက် နောက်ခံ ပြုပေးသည့် ငယ်ရွယ်ဖျတ်လတ်ပြီး ယုံကြည်စိတ်ချရသော နိုင်ငံရေးသမားများလည်း ရှိနေကြောင်း ယင်းဗွီဒီယိုဖိုင်ထဲတွင် ဝါဒဖြန့်ထားသည်။

ထို့ပြင် နောက်ထပ် ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည့် BN အဖွဲ့အတွင်း ခေါင်းဆောင်များ အချင်းချင်း မသင့်မြတ်မှု ဖြစ်နေမှုများကို ထောက်ပြထားပြီး သဘောထား ကွဲလွဲနေပုံများကို ဝေဖန်ပုတ်ခတ်ထားသည့် ဗွီဒီယိုဖိုင်ကိုတော့ TikTok ပလက်ဖောင်းတွင် ကြည့်ရှုမှုပေါင်း ၁ ဒသမ ၈ သန်းအထိ ရှိခဲ့သည်။

Source: Channel News Asia