CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁

ထိုင်းနိုင်ငံတွင် ၎င်းတို့ နိုင်ငံအတွင်းသာမက ပြည်ပ အဝင်၊ အထွက်များတွင်ပါ ယခင်ထက် စစ်ဆေးမှုများ ပိုမို ရှိနေသဖြင့် လက်ရှိတွင် လေကြောင်းလိုင်းဖြင့် အလည်ခရီးလာမည့် မြန်မာများသည် အချက်အလက် အပြည့် အစုံပါရှိရန် လိုအပ်ကြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံ၌ ၂၉ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း (APEC) ထိပ်သီးအစည်းအဝေး ကျင်းပပြုလုပ်မည်ဖြစ်သဖြင့် လုံခြုံရေးအား ပိုမိုတင်းကြပ်လာခြင်းဖြစ်ပြီး ဆက်လက်၍လည်း ယခုကဲ့သို့ လုံခြုံရေးကြောင့် အစစ်အဆေးများ ပိုမိုများပြားလာဦးမည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုသားကြီးက “နှစ်ပိုင်းပြောရမယ်ပေါ့။ အဲဒီလိုမျိုးအရေးကြီးတဲ့အစည်းအဝေးတွေကြောင့် နိုင်ငံခြားသားတွေကို Tourist visa နဲ့ လေဆိပ်နဲ့ဝင်တဲ့ နေရာမှာ စစ်ဆေးတာ ပိုမိုပြီးတင်းကြပ်လာတယ်လို့ ပြောလို့ရတယ်ပေါ့။ ဒါပေမယ့် ဒီလို စစ်နေတဲ့ သူ့ရဲ့ထုံးစံ အရကတော့ အရင်တုန်းကရော မစစ်ဘူးလားဆိုတော့ အရင်တုန်းကလည်းစစ်တယ်။ အခုကတော့ ပိုပြီးတော့မှ နည်းနည်းပိုဂရုစိုက်လာတယ်ပေါ့။ အထူးသဖြင့်တော့ မြန်မာနိုင်ငံသားကို ထိုင်းအစိုးရက ပစ်မှတ်ထားတာပေါ့ Tourist နဲ့ ဝင်လာရင် ဟိုဟာ ဒီဟာ စစ်ရမယ်ဆိုတာ။ အစိုးရနှစ်ခု ကြားထဲမှာ တစ်စုံတစ်ရာ အပေးအယူတွေ ပြောဆိုထားတာတွေ၊ သူတို့ ပေါ်လစီတစ်ခုခုအသစ်ကြောင့် ဒီလိုမျိုး ပိုမိုပြီးတော့မှ မြန်မာနိုင်ငံသားတွေကို စစ်ဆေးတယ်လို့ ကျနော်တို့ပြောလို့ရတယ်။ တချို့ကျတော့ ဒီမှာလာပြီး စာအုပ်ဖျောက်ပြီး နေလိုက်တာတွေ ရှိတယ်။ အဲဒီလို ဒီတိုင်းနေလိုက်တဲ့ဟာတွေ များလာတဲ့အခါကျတော့ သူ့အနေနဲ့ ဟိုတယ်ဘိုကင်စစ်ပြီလေ။ နောက် Show Money စစ်ပြီပေါ့။ တချို့တွေက Show Money တောင်မှ မပါဘူးလေ။ ပြည့်ပြည့်စုံစုံပေါ့။ လေယာဉ်ခလေးရရင်ပြီးရော သုံးဖို့ငွေ ဘတ် ၁၀၀၀ လောက်နဲ့ လာကြတာတွေလည်း ရှိတယ်။ ဒါကြောင့် ဒီလိုအကျိုးအကြောင်းကြောင့် ဖြစ်လာတယ်လို့ သုံးသပ်မိတယ်” ဟု ပြောသည်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့များကိုတွေ့ရစဉ်(ဓါတ်ပုံ-ဘန်ကောက်ပို့စ်)

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းလေဆိပ်တွင် အလည်လာသည့် မြန်မာအချို့သည် Show Money နှင့် လေယာဉ် အသွားအပြန်လက်မှတ်သာ ပြနိုင်ပြီး တည်းခိုနေထိုင်မည့် ဟိုတယ်အား ကြိုတင်ဘိုကင်လုပ်ထားခြင်းမရှိသဖြင့် ပြည်ဝင်ခွင့်မပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဘန်ကောက်ရှိ မြန်မာသံရုံးမှ ထိုင်းကိုအလည်လာမည့် မြန်မာများအနေဖြင့် ထိုင်းလေဆိပ်တွင် Show Money၊ လေယာဉ်အပြန်ခရီးလက်မှတ်၊ တည်းခိုနေထိုင်မည့် ဟိုတယ်(သို့မဟုတ်) နေအိမ်နှင့်ပတ်သက်၍ အထောက်အထားများ ပြနိုင်ရန်လိုအပ်ကြောင်း နိုဝင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Show Money ပြသရာတွင် လူပုဂ္ဂိုလ်တစ်ဦးအတွက် ဘတ်ငွေ ၁၀၀၀၀ နှင့်ညီမျှသည့် အမေရိကန်ဒေါ်လာ၊ မိသားစုတစ်စုအတွက် ဘတ်ငွေ ၂၀၀၀၀ နှင့် ညီမျှသည့် အမေရိကန်ဒေါ်လာအား ပြသရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ထိုင်းလေဆိပ်မှ တာဝန်ရှိသူများနှင့် ပွဲစားကဲ့သို့ လူများပူးပေါင်း၍ အချက်အလက်၊ အထောက်အထား အပြည့်အစုံမပါသည့် မြန်မာအချို့တို့ထံမှ ငွေကြေးဖြင့် ညှိနှိုင်းမှုများပြုလုပ်ကြောင်းလည်း FED မှ အလုပ်သမား တာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ကြားတာက ဘာသာစကားလည်းအဆင်မပြေတဲ့အခါကျတော့ လာခေါ်မယ့်သူရှိမှ လုပ်ပေးမယ်တို့ ဘာတို့ အဲဒီလိုမျိုးလုပ်ပြီးတော့ နောက်ဆုံးကျတော့ အချိန်ကြာလာတဲ့အခါကျ မိုးချုပ်ဘာညာနဲ့ အကြာကြီး စောင့်ရတဲ့အခါကျတော့ သူတို့လည်း ဒါဆို သွားမယ်ဆိုရင် ဘယ်လောက်လဲပေါ့။ ဘယ်လောက်လဲဆိုတာက ကြားထဲမှာ ညှိပေးတဲ့လူရှိတယ်လို့ကြားတယ်။ အဲဒါကလည်း ဗမာပဲ ဖြစ်မှာပဲ။ အဲဒီမှာ သူတို့ညှိပေးပြီး ဖုန်းနဲ့ ပြောတဲ့အခါ ပိုက်ဆံဘယ်လောက်ပေါ့ တစ်သောင်းတို့ဘာညာ အဲဒီလိုပေးပြီးတော့ လုပ်စားခံရတာပေါ့။ ကောင်းတာက အကုန်လုံးကိုယ့်ဘက်က အပြည့်အစုံပေါ့နော်။ လေယာဉ်လက်မှတ်တို့၊ ပြီးတဲ့အခါ Show Money ပေါ့နော်။ နေရပ်လိပ်စာပေါ့။ ဟိုတယ်ဘိုကင်လုပ်ထားတယ်ဆိုလည်း ဘယ်ဟိုတယ်လဲပေါ့။ အဲဒါတွေ ပါဖို့လို တယ်။ ဘာဖြစ်လို့လဲဆိုတော့ APEC အစည်းအဝေးရှိနေတာကိုး။ လုံခြုံရေးကြောင့် သူတို့ အထူး ရဲ ဘာညာ လုံခြုံရေးတွေလည်း သီးသန့်သေချာချထားတယ်။ နယ်စပ်တွေရော၊ ခုနကလေဆိပ်က ဝင်တဲ့ဟာတွေရော အကုန်လုံးသူတို့သေချာလိုက်ပြီး စိစစ်တယ်။ ဒီလိုပြဿနာတွေဖြစ်မှာစိုးလို့။ ဒီဟာကလည်း အကြောင်းပြချက် တစ်ခုပါတယ်” ဟု ၎င်းက ပြောသည်။

ရဲတပ်ဖွဲ့များမှ လေဆိပ်သို့ရောက်ရှိလာသည့် ခရီးသွားများ၏ ပစ္စည်းများအား ကြည့်ရှုစစ်ဆေးစဉ်

အထောက်အထား တစ်စုံတစ်ရာ မပြည့်စုံသော်လည်း သဘောကောင်းသည့် တာဝန်ရှိသူများနှင့်တွေ့ပါက နားလည်မှုဖြင့် ပြည်ဝင်ခွင့်ပေးခြင်းများရှိသကဲ့သို့ စည်းကမ်းတင်းကြပ်သည့် တာဝန်ရှိသူများနှင့် ကြုံပါက နေရပ်ပြန်ပို့ခံရကြောင်း သိရသည်။

ထိုင်း လေဆိပ်တွင် ယခုကဲ့သို့ အလည်အပတ်ခရီးလာသည့် ခရီးသွားများအား စစ်ဆေးမှုပြုလုပ်ခြင်းသည် ၎င်းနိုင်ငံ၏ လုံခြုံရေးနှင့် ဥပဒေတစ်ခုဖြစ်သည့်အပြင် အခြားနိုင်ငံသားများထက် မြန်မာနိုင်ငံသားများကိုသာ အဓိထား စစ်ဆေးခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့ စစ်ဆေးရာတွင် လူပုဂ္ဂိုလ်အားလုံးကို စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ ရွေးချယ်၍ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။