CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၃

အိန္ဒိယနိုင်ငံ ဥတ္တရာခမ်းပြည်နယ်တွင် မယားပြိုင်ယူသည့် ဓလေ့ကို တားမြစ်ပိတ်ပင်သော ဥပဒေကို ပြဋ္ဌာန်းမှု နှင့်ပတ်သက်ပြီး မွတ်ဆလင် အမျိုးသမီးအချို့အကြား ထင်မြင်ယူဆချက်များ ကွဲလွဲနေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ 

ထိုဥပဒေပြဋ္ဌာန်းနိုင်စေရန် ကာလကြာရှည် တောင်းဆိုလှုပ်ရှားခဲ့သည့် မွတ်ဆလင်အမျိုးသမီး တစ်ဦးဖြစ်သူ ရှာယာရာဘာနို (Shayara Bano) ကမူ အိန္ဒိယတရားရုံးချုပ်တွင် အဆိုပါဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် နှစ်ပေါင်းများစွာကြာ တရားရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင် အိမ်ထောင်ပြုမှု၊ ကွာရှင်းမှုတို့နှင့် ပတ်သက်ပြီး နှစ်ပေါင်းများစွာကြာ ပြဋ္ဌာန်းထားခဲ့သည့် အစ္စလာမ်မစ်ဥပဒေကို တရားရေးအရ ရင်ဆိုင်ရာ၌ အနိုင်ရခဲ့ပြီဖြစ်ကြောင်း ဘာနိုက ပြောသည်။ 

ဘာနိုက သူ့ခင်ပွန်းသည် တစ်ချိန်တည်းမှာပင် ဇနီးနှစ်ဦးကို လက်ထပ်ခဲ့ပြီး သူ့ကို ကွာရှင်းခဲ့သည်ဟု ဆိုသည်။ 

"အစ္စလာမ်ဘာသာမှာ အမျိုးသားတွေကို တစ်ချိန်တည်းမှာပဲ ဇနီးနှစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ထက် ပိုယူခွင့်ပြုထားတာကို အဆုံးသတ်ဖို့ အချိန်ရောက်ပါပြီ" ဟု ဘာနိုက ရိုက်တာသို့ ပြောသည်။

မွတ်ဆလင်အမျိုးသမီးဖြစ်သူ ဆာဖက်ဂျက်ဖာကို တွေ့ရစဉ်

သို့သော် နောက်ထပ် မွတ်ဆလင်အမျိုးသမီးဖြစ်သူ ဆာဖက်ဂျက်ဖာ (Sadaf Jafar) ကမူ တစ်ချိန်တည်းမှာ  မယားပြိုင်ယူခွင့်၊ ချက်ချင်းကွာရှင်းခွင့်ကို ပိတ်ပင်ထားသည့် ထိုဥပဒေကို နှစ်သက်ခြင်းမရှိကြောင်း ပြောကြားခဲ့ သည်။ 

သူကိုယ်တိုင်ကလည်း သူ့ခင်ပွန်းက အခြားအမျိုးသမီးတစ်ဦးကို သူ့ခွင့်ပြုချက်မပါဘဲ လက်ထပ်ခဲ့မှုအတွက် တရားရုံးတွင် အမှုဖွင့်ပြီး တရားရင်ဆိုင်နေရသူ ဖြစ်သော်လည်း ထိုဥပဒေကို ကြိုဆိုခြင်းမရှိကြောင်း ပြောသည်။

"မယားပြိုင်ယူတဲ့ ဓလေ့ဟာ အစ္စလာမ်ဘာသာရဲ့ တင်းကျပ်တဲ့ ဥပဒေတွေအောက်မှာ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် အဲဒီခွင့်ပြုချက်ကို အလွဲသုံးစား လုပ်နေတာတွေလည်း ရှိခဲ့ပါတယ်"ဟု ကလေးနှစ်ဦး၏ မိခင်ဖြစ်သူ ဂျက်ဖာက ပြောကြားခဲ့သည်။

ဘာနိုနှင့် ဂျက်ဖာတို့ကဲ့သို့ပင် ဥတ္တရာခမ်းပြည်နယ်တွင် ထိုဥပဒေနှင့်ပတ်သက်ပြီး မွတ်ဆလင်အမျိုးသမီးများ အကြား သဘောထားကွဲလွဲမှုများ၊ အမြင်မတူမှုများ ပေါ်ပေါက်လာခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

Source: ရိုက်တာ