CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂

ရွှေကူမြို့ကို တိုက်ခိုက်လိုသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ ရည်မှန်းချက်ကို ရပ်တန့်ရန် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)က ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရွှေကူမြို့အဝင် လမ်းမကြီးနှင့် ငါးအိုး-ရွှေကူလမ်းမကြီးအားလုံးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှစ၍ ရက် အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း၊ ရွှေကူမြို့အတွင်းရှိ မိဘပြည်သူများ အားလုံး ရွှေကူမြို့ အတွင်းမှ ထွက်ခွာတိမ်းရှောင်ကြရန် ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် KIA အမှတ် (၁၂) တပ်ရင်းမှ သဘောထား ထုတ်ပြန်ထားသည်ကို မိမိတို့ပါတီမှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်ဟု TNDP ပါတီက ထုတ်ပြန်ခဲ့သည်။

TNDP ပါတီက “ရွှေကူမြို့ကို တိုက်ခိုက်လိုသည့် KIA ၏ ရည်မှန်းချက်ကို ရပ်တန့်ရန်နှင့် အခြား ဒေသများတွင် လည်း ရန်လိုသော တိုက်ပွဲ ဖော်ဆောင်မှုများကို လုံးဝ ရပ်ဆိုင်းရန် တိုက်တွန်းသည်။ KIA ၏ ရန်လိုမှုကြောင့် လူမျိုးရေး ပြဿနာဖြစ်ခဲ့လျှင် KIO/KIA ၏ တာဝန်သာဖြစ်ကြောင်း အသိပေး သဘောထား ထုတ်ပြန်လိုက်သည်” ဟု ပြောသည်။

KIA ဦးဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ကောလင်း၊ ပင်လည်ဘူး၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ ကသာ မြို့များကိုလည်းကောင်း ကချင်ပြည်နယ်၌ မံစီ၊ မိုးမောက်၊ ဗန်းမော်မြို့များကိုလည်းကောင်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ရာ ပြည်သူတို့၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဘဝသို့ ရောက်ရှိခဲ့ရသည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် KIA ၏ မြို့သိမ်းတိုက်ပွဲများကြောင့် မြို့ကို စွန့်ခွာကြရသော ပြည်သူများမှာ လမ်းခရီးတွင် KIA- PDF တို့၏ စုဆောင်းရေး ဆွဲခံရခြင်း၊ တစ်နယ်တစ်ကျေးတွင် ဘဝကို ခက်ခဲပင်ပန်းကြီးစွာ ရပ်တည်နေရခြင်းတို့ကို ရင်ဆိုင်နေရကြောင်း၊ KIA ၏ မြို့သိမ်းတိုက်ပွဲများသည် ပြည်သူလူထုကို ဒုက္ခပင်လယ်ထဲသို့ တွန်းချလိုက်သလို ဖြစ်နေသည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)က ထုတ်ပြန်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးကနေ စောင့်၍ မိမိ၏ ကချင်ပြည်နယ် အိမ်တံခါး လုံခြုံရေးအတွက် ရန်သူတိုက်ခိုက်ရမည် ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းတွင် ကသုံးလုံး(ကန့်ဘလူ၊ ကောလင်း၊ ကသာ) စစ်ဆင်ရေးကနေ မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသ လွတ်မြောက်ရေး ကြိုးပမ်းနေသည်ဟု KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောထားသည်။

အထူးသဖြင့် KIA မြို့သိမ်း တိုက်ပွဲများ ဖော်ဆောင်နေသော မြို့များသည် ရှမ်းနီ တိုင်းရင်းသားများ နေထိုင်သော မြို့များဖြစ်ပြီး ကချင်တိုင်းရင်းသားများ နေထိုင်သည့် မြို့များတွင် KIA က မြို့သိမ်း ဖော်ဆောင်ခြင်းမရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။