CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉

မန်စီးတီး အသင်းဟာ ဒေါ့မွန် အသင်းတိုက်စစ်မှူး ဟာလန်းရဲ့ ကိုယ်စားလှယ်တွေနဲ့ ပရီးမီးယားလိဂ်မှာ လုပ်ခလစာ အများ ဆုံးရ ကစားသမားဖြစ်လာစေမယ့် စာချုပ်အတွက် သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။

မန်စီးတီး အသင်းဟာ ဒေါ့မွန် တိုက်စစ်မှူးကို တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းကျော် တန်ကြေးရှိတဲ့ စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်း ထားတာဖြစ်ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေက ဒါကို မီးစိမ်းပြခဲ့တယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားတာပါ။

ဟာလန်းနဲ့ ဒေါ့မွန်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၃ သန်း ပါဝင်နေပြီး မန်စီးတီး အသင်းက ဒါကို ပေးချေကာ ၅ နှစ် စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဟာလန်းကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ ရီးရယ်လ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ အသင်းတို့က စိတ်ဝင်စား ကြောင်း ပြသခဲ့တာပါ။ ဒါပေမယ့် မန်စီးတီး အသင်းက ဒီပြိုင်ဆိုင်မှုမှာ ဟာလန်းကို ခေါ်ယူဖို့ အခြားအသင်းတွေထက် လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းရဲ့ ဖခင်ဖြစ်သူကလည်း မန်စီးတီး အသင်းမှာ ၂၀၀၀ ကနေ ၂၀၀၃ အထိ ကစားခဲ့တာပါ။ ၂၀၂၀ ဇန်နဝါရီလက ဆဲလ်ဘတ် အသင်းကနေ ဒေါ့မွန်ကို ရောက်ရှိလာတဲ့ ဟာလန်းဟာ ဂျာမန်ကလပ်အတွက် ၈၅ ပွဲ ပါဝင်ကစားထားပြီး ၈၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

ဟာလန်းကိုတွေ့ရစဉ်(MARCA)

ဟာလန်းဟာ နော်ဝေလက်ရွေးစင် အသင်းအတွက် ၁၇ ပွဲ ပါဝင်ကစားထားပြီး ၁၅ ဂိုး သွင်းယူထားကာ ကမ္ဘာပေါ်မှာ အသင်း အများအပြားက အလိုရှိဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာပါ။ မန်စီးတီး အသင်းဟာ ဒီရာသီမှာ အဓိက တိုက်စစ်မှူး မပါဘဲ ပွဲတွေအများအပြား ကစားနေတာဖြစ်ပြီး ဟာလန်းကို ခေါ်ယူဖို့က အသင်းကို အများကြီး သက်ရောက်မှု ရှိနိုင်မှာလည်း ဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ရာသီက တိုက်စစ်မှူး အဂွေရိုကို လက်လွှတ်ခဲ့ပေမယ့် ပြန်လည် အစားမထိုးနိုင်ခဲ့ တာပါ။

မန်ချက်စတာကလပ်ဟာ စပါး တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် စပါး အသင်းက မရောင်းချခဲ့တာ ကြောင့် အသင်းမှာ စီနီယာ တိုက်စစ်မှူးအဖြစ် ဂျီးဆပ်စ်သာ ရှိတော့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မန်စီးတီး နည်းပြ ဂွာဒီယိုလာဟာ ဂျီးဆပ်စ်ကို ပွဲတိုင်း အသုံးပြုခြင်း မရှိခဲ့ပါဘူး။ မန်စီးတီး အသင်းဟာ ဒီရာသီမှာ တိုက်စစ်မှူး စစ်စစ်ကို အသုံးပြုခြင်း မရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရရှိနေတာ ဖြစ်ပါတယ်။

Source: Metro