CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၁၁

ဗီယက်နမ်မှာ ကျင်းပနေပြီဖြစ်တဲ့ ၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုံး ဆုတံဆိပ်ကို Kurash အားကစား နည်းကနေ စတင်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

မေလ ၁၀ ရက်က ကျင်းပခဲ့တဲ့ Kurash အားကစားနည်းရဲ့ 48kg ပြိုင်ပွဲမှာ ခင်ခင်စုက ကြေးတံဆိပ် ရယူပေးနိုင်ခဲ့တာပါ။ ဒီပြိုင်ပွဲမှာ အိမ်ရှင် ဗီယက်နမ်က ရွှေတံဆိပ်၊ ဖိလစ်ပိုင်က ငွေတံဆိပ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

52kg ပြိုင်ပွဲမှာ အိအိဝင်းက မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတံဆိပ် မရရှိခဲ့ပါဘူး။ မေလ ၁၀ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ Kurash အားကစားနည်းမှာ အိမ်ရှင် ဗီယက်နမ်က ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၃ ခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ Kurash အားကစားနည်းကနေ မြန်မာနိုင်ငံအတွက် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၄ ဦး ဝင်ရောက် ယှဉ်ပြိုင်နေတာပါ။ ကျင်းပနေတဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲဟာ မေလ ၂၃ ရက်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အားကစားသမား ၂၉၃ ဦးက အားကစားနည်း ၂၀ မှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

နိုင်ငံတကာက ကစားသမားများနဲ့အတူ ဆုတံဆိပ်ရယူနေတဲ့ ခင်ခင်စု

မေလ ၁၀ ရက်နေ့ထိ ယှဉ်ပြိုင်ခဲ့တဲ့ ဆီးဂိမ်းစ် အားကစားပွဲတွေ အပြီးမှာ မလေးရှားက ရွှေ ၇ ခု၊ ငွေ ၂ ခု၊ ကြေး ၅ ခု စုစုပေါင်း ၁၄ ခုနဲ့ နိုင်ငံအလိုက် အဆင့် ၁ နေရာမှာ ရပ်တည်နေတာပါ။

အိမ်ရှင် ဗီယက်နမ်က ရွှေ ၆ ခု၊ ငွေ ၅ ခု၊ ကြေး ၃ ခု စုစုပေါင်း ၁၄ ခုနဲ့ ဒုတိယ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့က ရွှေ တံဆိပ် ၁ ခုစီနဲ့ နိုင်ငံအလိုက် အဆင့် ၃ ၊ ၄ နဲ့ ၅ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ထိုင်းက အဆင့် ၆ ၊ မြန်မာက အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။