CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၆

မြန်မာ အသင်းဟာ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် တီမော အသင်းနဲ့ ယနေ့ ကစားခဲ့ရာ ၁ဝ ဂိုး- ၃ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး အုပ်စုပထမနဲ့ အကြိုဗိုလ်လုပွဲ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ် အသင်းက သြစတြေးလျ အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် မြန်မာ အသင်းဟာ အုပ်စု ပထမနဲ့ နောက်တစ်ဆင့်တက်နိုင်ဖို့ ဂိုးပြတ်သွင်းယူနိုင်ဖို့လိုအပ်ခဲ့တာပါ။ အဲဒါကြောင့် ပွဲစကတည်းက အကောင်းဆုံးတိုက်စစ်ဆင်ခဲ့ပြီး ပထမပိုင်းမှာတင် ၇ ဂိုး - ၂ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ နောက်ထပ်(၃)ဂိုးထပ်သွင်းပြီး ဂိုးပြတ်နိုင်ပွဲကို ပုံဖော်ခဲ့တာပါ။

မြန်မာ အသင်းအတွက် ဂိုးတွေကို လှိုင်မင်းထွန်းက (၄)ဂိုး၊ မျိုးသက်အောင်က (၃)ဂိုး၊ သိုင်းဘွဲ့အောင်၊ မျိုးမြင့်စိုးနဲ့ ဝေဇင်ဦး တို့က (၁)ဂိုးစီ သွင်းယူခဲ့တာဖြစ်ပါတယ်။ မြန်မာ အသင်းဟာ အုပ်စုတွင်း (၃)ပွဲကစားအပြီးမှာ ဗီယက်နမ် အသင်းနဲ့အတူ ရမှတ်(၇)မှတ်ချင်းတူညီနေပေမယ့် မြန်မာ အသင်းက ဂိုးကွာခြားချက်မှာ အသာရခဲ့တာပါ။ ဒီလို အသာရခဲ့တဲ့အတွက် မြန်မာ အသင်းဟာ အုပ်စု ပထမရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာ အသင်းနည်းပြ ဘန်လာ့တ်ချီယိုဝါရမ် က “ကျနော်တို့ ဒီပွဲမှာ (၆)ဂိုး အနိုင်ရဖို့လိုအပ်နေတာကြောင့် ပွဲစကတည်းက power play နဲ့ ကစားခဲ့ပါတယ်။ ကစားသမားတွေအနေနဲ့ ဒီပွဲမှာ အာရုံစိုက်မှုအနည်းငယ် လိုအပ်ချက်ရှိခဲ့ပြီး ခံစစ်ကစားပုံသိပ်မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ၁ဝ ဂိုး-၃ဂိုး ရလဒ်ကြောင့် ကျနော်တို့အနေနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး လိုအပ်တဲ့ ဂိုးတွေရခဲ့လို့ပျော်ရွှင်ရပါတယ်”လို့ ပြောခဲ့တာပါ။

မြန်မာ အသင်းဟာ အကြိုဗိုလ်လုပွဲတက်နိုင်ခဲ့တာကြောင့် အာရှဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ရနိုင်ဖို့ မျှော်လင့်ချက် တွေ ပိုမိုရှင်သန်လာခဲ့တာလည်းဖြစ်ပါတယ်။