CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၇

မာရာဒိုနာရဲ့ ၁၉၈၆ အာဂျင်တီးနား ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဘုရားပေးတဲ့ လက်တစ်စုံလို့ နာမည်တွင်ထားတဲ့ ဂျာစီကို လေလံ တင် ရောင်းချသွားမှာဖြစ်ပြီး ပေါင် ၄ သန်းရရှိဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဂန္တဝင် ကစားသမားဟာ အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ အဆိုပါဂျာစီ ဝတ်ဆင်ပြီး ၂ ဂိုး သွင်းယူခဲ့တာပါ။

ဒီပွဲမှာ သွင်းယူခဲ့တဲ့ မာရာဒိုနာရဲ့ ပထမဂိုးဟာ အင်္ဂလန်ဂိုးသမား ပီတာရှယ်လ်တန်ကို ကျော်ပြီး အငြင်းပွားဖွယ်ရာ လက်နဲ့ ပုတ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယဂိုးကတော့ ရာစုနှစ်ရဲ့ အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခံရလောက်တဲ့အထိ ကောင်း မွန်ခဲ့တာပါ။

မာရာဒိုနာရဲ့ အထင်ကရ ကျောနံပတ်(၁၀) အပြာရောင်ဂျာစီဟာ အင်္ဂလန်ကွင်းလယ် ကစားသမားဟောင်း စတီဗ်ဟော့ချ်ရဲ့ လက်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။

စတိဗ်ဟော့ချ်ဟာ ဒီပွဲအပြီးမှာ မာရာဒိုနာနဲ့ ဂျာစီချင်း လဲလှယ်ခဲ့တာပါ။ စတိဗ်ဟော့ချ်ဟာ မာရာဒိုနာရဲ့ ဘုရားပေးတဲ့ လက် တစ်စုံ သွင်းဂိုးဖြစ်အောင် ဘောလုံးကို လေထဲရောက်ရှိအောင် ပြုလုပ်ခဲ့တာလို့လည်း အချက်အလက်တွေအရ သိရပါတယ်။

မာရာဒိုနာ လက်ဖြင့်ပုတ်ဂိုးသွင်းခဲ့စဉ် (BeSoccer)

စတိဗ်ဟော့ချ်က “ဒီယေဂိုနဲ့ ကျနော်တို့ဟာ ဥမင်လှိုဏ်ခေါင်းထဲမှာ ဂျာစီလဲလှယ်ခဲ့တာဖြစ်ပြီး ဒီဂျာစီကို (၃၅)နှစ်ကျော်ကြာ ပိုင်ဆိုင်ခဲ့ရတဲ့ ဂုဏ်ယူစရာပိုင်ရှင် ဖြစ်လာခဲ့ပါတယ်။ ဒီလို သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားနဲ့ ရင်ဆိုင်ရတာ တကယ့် အခွင့်ထူးပါပဲ”လို့ ပြောခဲ့တာပါ။

စတိဗ်ဟော့ချ် ကတော့ မာရာဒိုနာရဲ့ ဂျာစီကို ရောင်းချတာကနေ ပေါင် ၄ သန်းရရှိဖို့ မျှော်လင့်ထားပါတယ်။ ပေါင် ၄ သန်း ရရှိခဲ့မယ်ဆိုရင် ဘာဘီရုဒ်ရဲ့ ယန်းကီးဂျာစီ ပြီးရင် ဒုတိယမြောက် စျေးအကြီးဆုံး ဂျာစီဖြစ်လာမှာပါ။ ဘာဘီရုဒ်ရဲ့ ဂျာစီကို လေလံတင် ရောင်းချခဲ့ရာ ပေါင် ၄.၃ သန်း ရရှိခဲ့ပြီး လေလံပွဲမှာ ရောင်းချခဲ့ရတဲ့ စျေးအကြီးဆုံး ဂျာစီ ဖြစ်ခဲ့ပါတယ်။

မာရာဒိုနာဟာ ၂၀၂၀ နိုဝင်ဘာလက ကွယ်လွန်သွားခဲ့တာပါ။

မာရာဒိုနာ ကွယ်လွန်သွားပြီးကတည်းက သူပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းအများအပြားကို လေလံတင် ရောင်းချမှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီထဲမှာ သူ့ရဲ့ အိမ်ဟောင်း ၂ လုံးနဲ့ ကားအဟောင်း ၃ စီးတို့ဟာ စာရင်းထဲမှာ ပါဝင်နေခဲ့တာပါ။ အသက် ၆၀ အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ မာရာဒိုနာဟာ အာဂျင်တီးနား လက်ရွေးစင် အသင်းနဲ့ ၁၉၈၆ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ခဲ့ တာ ဖြစ်ပါတယ်။

Source: The Sun