CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀

မက္ကဆီကိုမှာ ကျင်းပခဲ့တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ အနောက်ဂျာမနီအသင်းကို အနိုင်ရပြီး အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်ခဲ့စဉ် မာရာဒိုနာဝတ်ဆင်ခဲ့တဲ့ ဂျာစီဟာ သူ့မွေးရပ်မြေကို ပြန်လည် ရောက်ရှိ လာပြီ ဖြစ်ပါတယ်။

အဲ့ဒီတုန်းက မာရာဒိုနာနဲ့ ဂျာစီချင်းလဲလှယ်ခဲ့တဲ့ ဂျာမနီကစားသမား လိုသာမာသီးယက်စ်ဟာ သြဂုတ်လက မက်ဒရစ်ရှိ အာဂျင်တီးနားသံရုံးကို ဂျာစီလှူဒါန်းခဲ့တာပါ။ဒါကို စုဆောင်းသူတစ်ဦးဖြစ်တဲ့ မာဆယ်လို အောဒက်စ် က အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ကလော်ဒီယိုတာပီတာက “ဒီဂျာစီကို ယူဆောင်လာပေးတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။ဒီဂျာစီဟာ အာဂျင်တီးနားဘောလုံးလောကအတွက် အရေးကြီးပါတယ်။ ဒီ ဂျာစီကြောင့်ပဲ မက္ကဆီကိုမှာ ချန်ပီယံဆုရယူချိန်တစ်ဦးကို တစ်ဦးပွေ့ဖက်နိုင်ခဲ့တာပါ။ဒီတန်ဖိုးက ကျနော်တို့ နိုင်ငံနဲ့ ကျနော်တို့သမိုင်းအတွက် အများကြီး အဓိပ္ပါယ်ရှိပါတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အာဂျင်တီးနားအသင်းက ၃ ဂိုး- ၂ ဂိုးနဲ့ အနောက်ဂျာမနီကို အနိုင်ရခဲ့တဲ့ ၁၉၈၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ မာရာဒိုနာက အနိုင်ဂိုးဖြစ်စေမယ့် ဘူရီချာခါရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ဒီဆုဖလားဟာ အာဂျင်တီးနားအတွက် ဒုတိယမြောက် ကမ္ဘာ့ဖလားဆုဖလားလည်း ဖြစ်ခဲ့တာပါ။ဒီပြိုင်ပွဲရဲ့ ကွာတား ဖိုင်နယ် အဆင့်မှာ အင်္ဂလန်ဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကလည်း ဘောလုံးသမိုင်းမှာ အကျော်ကြားဆုံး သွင်းဂိုးဖြစ်ခဲ့ပါတယ်။

ဘုရားပေးတဲ့ လက်တစ်စုံဆိုပြီး နာမည်ကြီးခဲ့တဲ့ မာရာဒိုနာရဲ့ ဒီပွဲမှာ ဝတ်ခဲ့တဲ့ ဂျာစီကို မေလက လေလံပွဲမှာ စံချိန်တင် ပေါင် ၇.၁၄ သန်းနဲ့ ရောင်းချခဲ့ရတာပါ။ဒီဂျာစီကို နိုဝင်ဘာလ ၂၀ ရက်မှာစတင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင် ကာတာနိုင်ငံရဲ့ အားကစားပြတိုက်ထဲမှာ ယာယီထားရှိထားတယ်လို့ သိရပါတယ်။

Source:ChannelNewsAsia