CNI International News

မော်စကို၊ဇန်နဝါရီ ၂၃

အမေရိကန်ကို စိတ်ကုန်နေသည့် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စစ်ဘက်ဆိုင်ရာညွန့်ပေါင်း အဖွဲ့ အသစ်တစ်ခု ပေါ်ပေါက်လာနိုင်ဖွယ် ရှိနေကြောင်း ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်ဥက္ကဋ္ဌဖြစ်သူ ဒီမီထရိ မက်ဗီဒက်ဗ် (Dmitry Medvedev)က တနင်္ဂနွေနေ့တွင် တယ်လီဂရမ်၌ ရေးသားခဲ့သည်ဟု တာ့စ်သတင်းတွင် ဖော်ပြထားသည်။

အနောက်အုပ်စုသည် ရမ်စတိန်း (Ramstein) အစည်းအဝေးနှင့် ယူကရိန်းသို့ လက်နက်ကြီးများ ထောက်ပံ့နေခြင်း က ရန်သူများ အနေ ဖြင့် ရုရှားကို ပျက်စီးရန် သို့မဟုတ် ဖျက်ဆီးရန် အဆုံးမရှိ ကြိုးစားနေခြင်း ဖြစ်ကြောင်း၊ ၎င်း တို့တွင် ထိုသို့ လုပ်ဆောင်ရန် လက်နက် အလုံအလောက်ရှိကြောင်းနှင့် လိုအပ်ပါက ထပ်မံ တီထွင်နိုင်ကြောင်း ကောက်ချက် ၂ ခုချ၍ မက်ဗီဒက်ဗ်က ပြောကြားခဲ့သည်။

ပထမကောက်ချက်မှာ ယင်းသည် များစွာခက်ခဲလိမ့် မည်ဆိုခြင်း ဖြစ်သည်။ ဒုတိယတစ်ချက်မှာ ပဋိပက္ခ သက်တမ်း ကြာရှည်လာသည်နှင့်အမျှ အချိန်တစ်ခုတွင် စစ်ဘက်ဆိုင်ရာညွန့်ပေါင်း အဖွဲ့အသစ်တစ်ခု ပေါ်ပေါက် လာနိုင်ခြင်း ဖြစ်သည်။

အမေရိကန်နဲ့ယူကရိန်းပါတဲ့ Ramstein အစည်းအဝေးကျင်းပနေစဉ်(GETTY IMAGES)

ကာလရှည်စစ်ပွဲများကို ရည်ညွှန်း၍ ဒီမီထရိ မက်ဗီဒက်ဗ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၎င်း၏ ပြောစကားအရ အမေရိကန်ကသာ ဥရောပကို စွန့်ချိန်၊ အချိန်မနှောင်းခင် သနားစရာကောင်းသော ယူကရိန်းပြည်သူများထံမှ စွန့်ခွာချိန်တွင် ကမ္ဘာကြီးသည် နောက်တစ်ကြိမ် ထပ်မံတည်ငြိမ် အေးချမ်းလာလိမ့် မည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် သောကြာနေ့တွင် နိုင်ငံပေါင်း ၅၀ မှ ကာကွယ်ရေးဝန်ကြီးများ ဂျာမနီနိုင်ငံရှိ ရမ်းစတိန်းလေတပ် စခန်း တွင် တွေ့ဆုံခဲ့ကြပြီး ယူကရိန်းသို့ နောက်ထပ် လက်နက်များ ထောက်ပံ့ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ယင်းတွင် ယူကရိန်းသို့ Leoprad တင့်ကားများ ထောက်ပံ့ရေးအတွက် အားလုံးသဘောတူသည့် အဖြေ တစ်ခု မရရှိခဲ့ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ်တိုးရီးရပ်စ်( Boris Pistorius) က ပြောသည်။

သို့သော် နောင်တစ်ချိန်တွင် ထိုသို့သော သဘောတူညီချက်မျိုး ရရှိနိုင်သည် ဆိုခြင်းကိုတော့ ၎င်းဘက်က ငြင်းပယ် ခဲ့ခြင်း မရှိပေ။

Source: တာ့စ်