CNI International News

ဝါရှင်တန်၊ ဇူလိုင် ၁၁

ကိယက်ဗ်အစိုးရအား တွဲဆက်ဗုံး (cluster munitions)များ ထောက်ပံ့ခြင်းနှင့် စပ်လျဉ်းပြီး အမေရိကန် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ (John Kirby)၏ ကြေညာချက်အရ အမေရိကန်အစိုးရသည် ယူကရိန်းတွင် စစ်ရာဇဝတ်မှုများအား ကျူးလွန်နေသည်ကို ဝန်ခံရာရောက်နေကြောင်း ဝါရှင်တန်ရှိ ရုရှားသံရုံးက တုန့်ပြန်ပြောကြားခဲ့သည်ဟု တာ့စ်သတင်းတွင် ဖော်ပြသည်။

“ယူကရိန်းကို ဗုံးတွဲတွေ ထောက်ပံ့တာနဲ့ ပတ်သက်လို့ အမျိုးသားလုံခြုံရေးကောင်စီ (NSC)ရဲ့ မဟာဗျူဟာ ဆက်ဆံရေးဒါရိုက်တာ ဂျွန်ကာဘီရဲ့ ကြေညာချက်ကို ကျနော်တို့ သတိထားမိပါတယ်။ ဒါဟာ ယူကရိန်းစစ်ပွဲမှာ အမေရိကန်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်ဆိုတာကို တရားဝင် ဝန်ခံလိုက်တဲ့သဘောပါပဲ။ အမေရိကန် ဗုံးတွဲလက်နက်တွေရဲ့ဒဏ်ကို ခံရမှာက အရပ်သားပြည်သူတွေဖြစ်တယ်လို့လည်း သူက ဗြောင်ပြောလိုက်တဲ့ သဘောပါ။ အိမ်ဖြူတော်ကိုယ်စားလှယ်ရဲ့ အမြင်မှာတော့ ဒါက ရုရှားတွေရဲ့ လုပ်ရပ်လောက် အန္တရာယ် မရှိသ ယောင် ဖြစ်နေပါတယ်” ဟု ရုရှားသံရုံးက ပြောကြားခဲ့သည်။ 

ဆက်လက်ပြီး “ဗုံးတွဲတွေ လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ အတွေးအခေါ် တစ်စုံတစ်ရာ ရှိတယ်ဆိုရင်လည်း ထူးပြီး ဆိုးရွားမှာမဟုတ်တော့ဘူးဆိုတဲ့ အမြင်ပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ သူနဲ့ အနေသာကြီးလို့ ပြောရမယ့်ဘဝတွေကို ယူကရိန်းလက်နဲ့ ဖျက်စီးဖို့ အသင့်ဖြစ်နေပါတယ်” ဟုလည်း သံရုံးက ပြောကြားခဲ့သည်။ 

အမေရိကန်ဆိုင်ရာ ရုရှားသံရုံးကို တွေ့ရစဉ်

အမေရိကန်အစိုးရအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းမှာ သူ့ပြည်သူနှင့် သူ့မြေကို ကာကွယ်နေသည့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံကို ရှုံးနိမ့်စေမည်ဟူသော မဖြစ်နိုင်သည့်အိပ်မက်ကို မက်နေသောကြောင့် ဖြစ်ကြောင်း၊ မိမိတို့က အကြမ်းဖက်သမားများကို ကူညီနေသည့် ကိယက်ဗ်ရာဇဝတ်ကောင်များကို တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုကမူ လူမဆန်သည့် လုပ်ရပ်များကို ကျူးလွန်နေသည့် ယူကရိန်း နာဇီများကို ကူညီနေခြင်းသာဖြစ်ကြောင်းလည်း ရုရှားသံတမန်များက ထပ်လောင်းပြောကြားခဲ့သည်။ 

တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ယူကရိန်းတပ်များတွင် အလျင်အမြန် ကုန်ခမ်းနေသည့် သမားရိုးကျအမြောက်ကျည်များနေရာကို အစားထိုးဖြည့်တင်းသည့်အနေဖြင့် ဝါရှင်တန်က ကိယက်ဗ်ကို ဗုံးတွဲများ ထောက်ပံ့နေခြင်းဖြစ်ကြောင်း ကာဘီက ပြောကြားခဲ့သည်။ 

 ဇာလန်းစကီးနဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်

“ကျနော်တို့က မြန်မြန်ကြီး ကုန်သွားနေတဲ့ အမြောက်ကျည်အမျိုးအစားတွေ ထုတ်လုပ်မှုကို မြှင့်တင်ဖို့ ကြိုးစား နေပါတယ်။ ဒါပေမယ့်လည်း မျှော်မှန်းတဲ့ အတိုင်းအတာအထိ မရောက်နိုင်ဘူးဖြစ်နေတယ်။ ဒါ့ကြောင့် ပုံမှန် အမြောက်ဆံထုတ်လုပ်မှုကို တိုးမြှင့်နေတဲ့ကာလမှာ လပ်နေတာကို အစားထိုးဖို့အတွက် ဗုံးတွဲတွေကို ထောက်ပံ့ ရတာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။ 

သို့ရာတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဖာဟန်ဟတ် (Farhan Haq)ကမူ ကုလ ထွေချုပ်အနေဖြင့် ဗုံးတွဲဆိုင်ရာ သဘောတူညီချက်ကို ထောက်ခံပြီး ယခုကဲ့သို့သော လက်နက်အမျိုးအစားကို စစ် မြေပြင်တွင် အသုံးပြုမှုကို ဆန့်ကျင်ကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။

Source:တာ့စ်