CNI International News

ဘန်ကောက်၊ မေလ ၅

မေလ ၁၄ ရက်နေ့၌ ကျင်းပမည့် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးအရ ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ကိစ္စရပ်များကို ထိုင်းဒုတိယဝန်ကြီးချုပ် ဝစ်စနူ ကရီယာနမ် (Wisaanu Krea-ngam)က ပြောပြခဲ့သည်။

ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးအရ လစ်ဟာမှု သို့မဟုတ် အငြင်းပွားမှု အခြေအနေများ ပေါ်ပေါက်လာနိုင်ဖွယ် ရှိသည်ဆိုခြင်းကိုတော့ ၎င်းက ပယ်ချခဲ့သည်။

သို့သော် အစိုးရအသစ် ဖွဲ့စည်းခြင်းသည် သာမာန်ထက် ပိုကြာမြင့်နိုင်သည်ကိုတော့ စိုးရိမ်မိသည်ဟု ထိုင်း ဒုတိယ ဝန်ကြီးချုပ် ဝစ်စနူ ပြောသည်။

လွှတ်တော်နေရာ အများစုကို အနိုင်ရရှိသည့် ပါတီအနေဖြင့် အစိုးရသစ်ကို ဖွဲ့စည်းနိုင်မည်ဟု ယုံကြည်နေသော် လည်း အနိုင်ရရှိသော ပါတီအနေဖြင့် လွှတ်တော်နေရာ အနည်းငယ်သာရရှိကာ ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရနိုင် သည့် မသေချာမရေရာမှု တချို့ ရှိနေသည်ဟုလည်း ဝစ်စနူက ပြောသည်။

ရွေးကောက်ပွဲ အကြိုကာလ နိုင်ငံရေးအခြေအနေများ မြင့်တက်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် ဒုတိယ ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်မှုမျိုးသည် ပုံမှန်မဟုတ်ကြောင်း ပါတီအသီးသီးက အနိုင်ရရှိရေးအတွက် ဘက်ပေါင်းစုံကနေ ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထိုင်းဒုတိယဝန်ကြီးချုပ်ဝစ်စနူကရီယာနမ် ကိုတွေ့ရစဉ်

ရွေးကောက်ပွဲရလဒ် မတိုင်ခင် ပါတီများအနေဖြင့် မဟာမိတ်ဖွဲ့စည်းရန် ပြောဆို ဆွေးနွေးခဲ့ပြီး ဖြစ်သည်ဆိုသည့် ကောလာဟလများနှင့် ပတ်သက်၍လည်း မစ္စတာ ဝစ်စနူက ၎င်း၏ အတွေ့အကြုံများအရ ထိုကဲ့သို့ အခြေအနေ မျိုးသည် တရားဝင် မဟုတ်သော ရွေးကောက်ပွဲရလဒ် မပေါ်ထွက်လာမခြင်း ဖြစ်လေ့မရှိဟု ဖြေခဲ့သည်။

ထိုကဲ့သို့ အစောပိုင်း နိုင်ငံရေး သဘေတူညီချက်များသည် အဆုံးသတ် ရလဒ်အတွက် အာမခံချက် ဖြစ်စေမည် မဟုတ်ဟု ဝစ်စနူက ပြောသည်။

၂၀၁၉ အထွေထွေ ရွေးကောက်ပွဲကို ကြည့်မည်ဆိုလျှင်လည်း ရွေးကောက်ပွဲအပြီး နှစ်လအကြာ တရားဝင် မဲရလဒ် များ ထွက်ပေါ်လာပြီးချိန် တရားဝင်မဟုတ်သော မဲရလဒ်များ အကြီးအကျယ် ပြောင်းလဲသွားသည်နှင့် တစ်ပြိုင် တည်း နိုင်ငံရေးမဟာမိတ်ဖွဲ့မှုများ ပေါ်ပေါက်လာသည်ကိုလည်း တွေ့ရမည်ဟု ၎င်းက ပြောသည်။

ပါတီနှစ်ခု အနေဖြင့် လွှတ်တော် နေရာများကို ထပ်တူနီးပါးရရှိကာ အစိုးရအဖွဲ့ ဖွဲ့စည်းရန်နှင့် ဝန်ကြီးချုပ်အသစ် ရွေးချယ်ရန် သဘောတူညီချက် မရနိုင်သည့် အခြေအနေမျိုးတွင် မည်သို့ လုပ်ဆောင်မည်လဲဟု မေးမြန်းခဲ့ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၂၇၀ အရ ထိုကဲ့သို့ အခြေအနေမျိုးတွင် မည်သို့ လုပ်ဆောင်ရမည်ကို ရှင်းရှင်း လင်းလင်း ဖော်ပြထားသည်ဟု ဝစ်စနူက ပြောသည်။

၀န်ကြီးချုပ်ဖြစ်လာမယ့်သူအဖြစ် ရေပန်းစားနေတဲ့ ဖြူးထိုင်းပါတီက ပေတုန်တန်ကိုတွေ့ရစဉ်

ဝန်ကြီးချုပ် အသစ်ကို ရွေးချယ်ရမည့် အချိန်ကို အတိအကျ သတ်မှတ်ထားခြင်း မရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။

ဒုတိယဝန်ကြီးချုပ်က ထိုကဲ့သို့သော ချောင်ပိတ် နေမှုများအတွက် ထွက်ပေါက်ကို ရှာဖွေနိုင်ကြောင်း၊ ထို့ကြောင့် အများသူငှာ စိုးရိမ်နေသကဲ့သို့ နိုင်ငံရေးဆိုင်ရာ လစ်ဟာမှု ပေါ်ပေါက်လိမ့်မည် မဟုတ်ကြောင်း ပြောသော်လည်း ဝန်ကြီးချုပ်သစ် ရွေးချယ်ရန် လုပ်ငန်းစဉ်မှာ အနည်းငယ် ကျန့်ကြာမှုရှိနိုင်သည်ဟု ဝန်ခံသည်။

ထိုင်းဥပဒေအရ ရွေးကောက်ပွဲကော်မရှင်သည် တရားဝင် မဲရလဒ်ကို ရွေးကောက်ပွဲအပြီး ရက် ၆၀ အတွင်း ကြေညာရမည် ဖြစ်သည်။

သို့သော် ရလဒ်ကို ၄၅ ရက်အတွင်း ကြေညာမှုမျိုးလည်း ရှိသည်။

အခြေခံဥပဒေအရ ကျန့်ကြာမှုမျိုး ရှိလာခဲ့လျှင် ဝန်ကြီးချုပ်သစ် ရွေးချယ်မှုကို အောင်မြင်သည်အထိ ထပ်ခါထပ်ခါ ဆောင်ရွက်နိုင်ခြင်းကြောင့် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအတွက် ဝန်ကြီးချုပ်သစ် ရွေးချယ်မှုနှင့် အစိုးရအသစ် ဖွဲ့စည်းမှုကို မည်သည့်အချိန်တွင် အပြီးသတ် ဆောင်ရွက်နိုင်မည်လဲဆိုသည်ကို အတိအကျ သိရှိနိုင်ဦးမည် မဟုတ်ပေ။