CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇

ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အားလုံးပါဝင်မှု (All inclusive) ဆိုသည်က နားထောင်၍ကောင်းသော်လည်း လူမျိုးကြီးဝါဒဆန်သွားလျှင် သိပ်အဆင်မပြေနိုင်ကြောင်း နိုင်ငံ‌ရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆ အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှုများ အမျိုးမျိုးရှိကြောင်း ပြောသည်။

အောက်တိုဘာ ၁၅ ရက်က ကျင်းပသည့် NCA (၁၀)နှစ်ပြည့် အခမ်းအနား၌ ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အလျှော့အတင်းနှင့် တကယ့်ကို ငြိမ်းချမ်းလိုသည့် ဆန္ဒဖြင့်သွားမှ ဖြစ်နိုင်မည်ဖြစ်ကြောင်း အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အားလုံးပါဝင်မှု (All inclusive) ဆိုသော်လည်း ဒေသအသီးသီး၊ လူမျိုးအသီးသီး၊ ဒေသ အသီးသီးက ဒေသခံများ၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များက လိုအပ်ချက်များ တူချင်မှတူမည်ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများပါတီ (RNP)ဥက္ကဋ္ဌ ဦးဘရှိန်က CNI သတင်းဌာနသို့ ပြောသည်။

NCA ၁၀ နှစ်ပြည့် အခမ်းအနား ကျင်းပစဉ်

၎င်းက “အန်ကယ် အမြဲတမ်းပြောလေ့ရှိတယ် အားလုံးပါဝင်မှု (All inclusive) ဆိုတာ စကား လုံးလှတယ် လူနားထောင်လို့ ကောင်းတယ်။ ဒါပေမယ့် တစ်ယောက်ရဲ့ လိုအပ်ချက်နဲ့ တစ်ယောက်လိုအပ်ချက် မတူဘူး။ ဗမာပြည်မှာလည်း ဒေသအသီးသီး၊ လူမျိုးအသီးသီး ကွဲပြားခြားနားနေကြတယ်၊ ဒီဒေသ အသီးသီးက လူတွေ၊ ဒီဒေသ အသီးသီးက ဒေသခံတွေရဲ့လိုအပ်ချက်တွေ ဒေသအသီးသီးမှာ လက်နက်ကိုင်ပြီးတော့ ပဋိပက္ခကို ရှောင်နေကြတဲ့ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ၊ ဒီလူတွေရဲ့ သမိုင်း၊ ဒီလူတွေရဲ့လိုအပ်ချက်၊ ဒီလူတွေရဲ့ နိုင်ငံရေး မျှော်မှန်းချက် ဒါပဲမဟုတ်ဘူး တခြားမျှော်မှန်းချက် ဘာလဲဆိုတာ တူချင်မှတူကြမယ်။ အဲတော့ နိုင်ငံ တော်မှာ ခေါင်းဆောင်တဲ့လူတွေ၊ တာဝန်ရှိတဲ့လူတွေက ဒီလိုကွဲပြားခြားနားတဲ့ အခြေအနေတွေကို အသေးစိတ် တဖြည်းဖြည်းချင်းလို့ ခေါ်မှာပေါ့။ နောက် အဲလို ခွဲခြမ်းစိတ်ဖြာပြီးတော့ သုံးသပ်ဖို့လည်း လိုအပ်မယ်လို့ အန်ကယ် ကတော့ အမြဲတမ်း စဥ်းစားတယ်ပေါ့။ All inclusive ဆိုတာ လူမျိုးကြီးဝါဒဆန်သွားရင် သိပ် အဆင်မပြေလောက် ဘူး။ ဒါပေမယ့် အထောက်အပံ့ မဖြစ်ဘူးလားဆို အထောက်အပံ့ဖြစ်ပါတယ်”ဟု ပြောသည်။

နိုင်ငံရေးတွင်လည်း ကွက်လပ်မရှိရန် ကြိုစားဆောင်ရွက်မည်ဖြစ်သလို ငြိမ်းချမ်းရေးတွင်လည်း ကွက်လပ်မရှိရန် မိမိတို့ ကြိုးစားဆောင်ရွက်ကြောင်း၊ နိုင်ငံရေး၌ ကွက်လပ် မရှိရန်အတွက် ဒီမိုကရေစီစနစ်ကို ပြန်လည် အကောင် အထည် ဖော်နိုင်ရန် ရွေးကောက်ပွဲ ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

လူအုပ်ကြီးများနှင့် ငြိမ်းချမ်းရေးကို လုပ်၍မရကြောင်း ပြောဖူးကြောင်း၊ ယခုလို ပွဲလုပ်သည့်အတွက် အန္ဒိယနိုင်ငံ ၏ အရှေ့မျှော်ဝါဒကို အကြောင်းပြုပြီး ငြိမ်းချမ်းရေးများ ရလာကြောင်း RNP ပါတီဥက္ကဋ္ဌ ဦးဘရှိန်က CNI သတင်းဌာနသို့ ပြောသည်။

ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ်

၎င်းက “ဒီလောက် အုပ်အော်သောင်းနင်း လူအုပ်ကြီးဝါဒ၊ လူအုပ်ကြီးတွေနဲ့ ငြိမ်းချမ်းရေးကို လုပ်လို့ရမလားလို့ အဲလိုပြောဘူးတာရှိတယ်။ အခုဒီပွဲလုပ်တဲ့ အတွက်ကြောင့် နိုင်ငံတကာကလည်း ဒီနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကို ပိုပြီးတော့ စိတ်ဝင်တစား သတိထားမိကြမှာပါ။ နောက်ပြီးတော့ နိုင်ငံခြား တိုင်းပြည်တွေက ပညာရှင်တွေကလည်း လူထုအမြင်၊ လူထုရှုထောင့်က လာပြီးတော့ ပြောကြဆိုကြ တင်ပြကြရာတွင် တစ်စုံ တစ်ရာတော့ အထောက်အပံ့ပြုမှာပါ။ အထူးသဖြင့်တော့ ဒီအိန္ဒိယနိုင်ငံက ပရော်ဖက်ဆာ ပြောသွားတဲ့ အန္ဒိယ နိုင်ငံရဲ့ အရှေ့မျှော်ဝါဒကို အကြောင်းပြုပြီးတော့ အရှေ့‌မြောက်ပြည်နယ် ၇ ခုမှာ တခြားပြည်နယ်တွေထက် ပိုမို သာလွန်တဲ့ ဖွံ့ဖြိုးရေး အပါအဝင် ဒေသတွေ၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူ အစိုးရ လို့ပဲခေါ်ခေါ်၊ ပြင်ပအစိုးရလို့ပဲခေါ်ခေါ်  အန္ဒိယအစိုးရက ဒီကိစ္စကို ဆောင်ရွက်လိုက်တဲ့အခါ ငြိမ်းချမ်းရေးတွေ ရ လာတယ် အဲတာတွေကို ဒီမြန်မာနိုင်ငံမှာလည်း ဒီလိုပဲ ဒေသအသီးသီးမှာ လက်နက်ကိုင် ပဋိပက္ခတွေက ပြည်သူ မှာ ရှိနေကြတဲ့အခါ ပြည်ထောင်စုအစိုးရ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ စဥ်းစားဆင်ခြင်ပြီးတော့ ဘယ်လိုပညာ ရှိတွေနဲ့၊ ဘယ်လို အတွေးအခေါ်တွေနဲ့၊ ဘယ်လို နိုင်ငံရေးသမားတွေနဲ့ ဒီလုပ်ငန်းစဥ်တွေကို အောင်မြင်နိုင် မလဲဆို တာ သူတို့ စဥ်းစား သူတို့အတွက် အထောက်အပံ့ ဖြစ်မယ်လို့တော့ ထင်တာပဲ”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်၌ အားလုံးပါဝင်ရေး ကြိုးပမ်းရမည်ဟု သဘောထား ရပ်တည်လျက်ရှိသည်။

သို့သော် လက်တွေ့မှာတော့ အားလုံးပါဝင်ရေး မရှိသေးသလို ခွဲခြား ဆက်ဆံမှုများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်များသည် ထစ်ဆို့မှုများ ကြုံတွေ့နေရကြောင်း ထောက်ပြလျက်ရှိသည်။