CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁
တူရကီစူပါလိဂ် ချန်ပီယံ ဂါလာတာစာရေးအသင်းဟာ နိုင်ဂျီးရီးယား တိုက်စစ်မှူး အိုစီမန်ကို တူရကီ အပြောင်းအရွှေ့ စံချိန်ချိုးဖျက်ပြီး ယူရို ၇၅ သန်းနဲ့ နာပိုလီအသင်းကနေ ခေါ်ယူကြောင်း ကြေညာခဲ့ပါတယ်။
အိုစီမန်ရဲ့ ဒီအပြောင်းအရွှေ့ဟာ တူရကီဘောလုံးလောကရဲ့ ဈေးအကြီးဆုံး ကစားသမား ခေါ်ယူမှုအဖြစ် အရင်က စံချိန်တင်ထားတဲ့ ဖီနာဘာချီအသင်း တိုက်စစ်မှူး အန်နက်ဆရီရဲ့ ယူရိုသန်း ၂၀ စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ် တင်နိုင်ခဲ့တာပါ။
အိုစီမန်ရဲ့ အပြောင်းအရွှေ့ထဲမှာ သဘောတူညီမှု အစိတ်အပိုင်းအဖြစ် သူ့ရဲ့နောက်ထပ် အပြောင်းအရွှေ့ကနေ ရရှိမယ့် ပြောင်းရွှေ့ကြေးရဲ့ ၁၀ ရာခိုင်နှုန်းကို နာပိုလီအသင်းထံ ပေးချေရမယ်လို့ ဂါလာတာစာရေးအသင်းက ပြောခဲ့ပါတယ်။
ဂါလာတာစာရေးအသင်းဟာ အိုစီမန်ကို ၄ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး အိုစီမန်ဟာ တစ်ရာသီကို ယူရို ၁၅ သန်း ရရှိမယ်လို့ သိရပါတယ်။
စီးရီးအေ ချန်ပီယံ နာပိုလီအသင်းကလည်း အိုစီမန်ရဲ့ အပြောင်းအရွှေ့ကို အတည်ပြုခဲ့ပါတယ်။
အိုစီမန်ကို တွေ့ရစဉ်
အိုစီမန်ဟာ ပြီးခဲ့တဲ့ ရာသီကတည်းက နာပိုလီအသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပြီး ဂါလာတာစာရေး အသင်းထံ အငှားနဲ့ပြောင်းရွှေ့လာခဲ့တာပါ။
အိုစီမန်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဆော်ဒီပရိုလိဂ် အပါအဝင် ချယ်လ်ဆီး၊ PSG အသင်းတို့ရဲ့ ချိတ်ဆက်မှု တွေ ခံခဲ့ရပါတယ်။
ဒါပေမယ့် အိုစီမန် ကိုယ်တိုင်က ပြီးခဲ့တဲ့ရာသီက အငှားကစားခဲ့ချိန်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဂါလာတာစာရေး အသင်းထံ အပြီးသတ် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ အိုစီမန်ဟာ ပြီးခဲ့တဲ့ရာသီက ဂါလာတာစာရေး အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲ ပါဝင် ကစားခဲ့ပြီး ၃၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
အိုစီမန်ဟာ ဂါလာတာစာရေးအသင်းနဲ့အတူ တူရကီစူပါလိဂ်၊ တူရကီဖလားတို့ကို ရယူနိုင်ခဲ့ပြီး တူရကီစူပါလိဂ် အကောင်းဆုံး ကစားသမားဆုနဲ့ ဂိုးသွင်း အများဆုံးဆုတို့ကိုလည်း ရရှိခဲ့ပါတယ်။
Source: CNA