CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁

ယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကို,ကို အဓိက တိုက်စစ်မှူး ပစ်မှတ်အဖြစ် သတ်မှတ်ထားပေမယ့် ဟော့ဂျ်လန်းကတော့ အသင်းမှာ သူ့ရဲ့နေရာအတွက် တိုက်ပွဲဝင်ဖို့ အသင့်ပဲလို့ ပြောခဲ့ ပါတယ်။

ဟော့ဂျ်လန်းက “ကျနော့်ရဲ့ အစီအစဉ်က ရှင်းပါတယ်။ ဒီမှာဆက်နေပြီး ကျနော့်ရဲ့ နေရာအတွက် တိုက်ပွဲဝင် သွားဖို့ အဆင်သင့်ပါပဲ။ ကျနော်ဟာအခုမှ အသက် ၂၂ နှစ်ပဲရှိသေးပြီး လူတွေက ဒါကိုမေ့နေကြပါတယ်။ ကျနော် ဟာ အများကြီး သင်ယူပြီးပြီဆိုတာ ကျနော် ကစားနေတဲ့ပွဲတွေမှာ ပြသထားတယ်လို့ ထင်ပါတယ်။ ရာသီကြို ကာလမှာ အလွန်ကောင်းမွန်စွာ လုပ်ဆောင်နေတယ်လို့”ပြောခဲ့တာပါ။ 

ဟော့ဂျ်လန်းဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဟော့ဂျ်လန်းဟာ ဝေဖန်မှုတွေခံခဲ့ရပြီး ဒီနွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာရဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေတာပါ။ 

ဟော့ဂျ်လန်းကို ခေါ်ယူဖို့ စီးရီးအေ ကလပ်အသင်း အချို့ကလည်း ချိတ်ဆက်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ 

ဟော့ဂျ်လန်းဟာ ယူနိုက်တက်အသင်းက ဘုန်းမောက်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ Premier League Summer Series ပွဲစဉ်မှာတော့ ခေါင်းတိုက်ပြီး ဂိုးသွင်းယူနိုင်ခဲ့တာပါ။ 

ဟော့ဂျ်လန်းကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ဒီပွဲမတိုင်မီမှာ ဆက်စ်ကို,ကို ခေါ်ယူဖို့အတွက် လိုက်ပ်ဇစ်အသင်းကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပြီး ကစားသမားကလည်း ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ခဲ့တာ ဖြစ်ပါတယ်။ 

ဘုန်းမောက်အသင်းနဲ့ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဟော့ဂျ်လန်းက သူဟာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘဲ နေရာအတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ ဘုန်းမောက်အသင်းနဲ့ပွဲအပြီးမှာ ဟော့ဂျ်လန်း ဂိုးသွင်းယူနိုင်ဖို့က အရေး ကြီးပြီး သူဟာအသင်းနဲ့ ကောင်းမွန်စွာ ချိတ်ဆက်နေသလို တိုးတက်မှုလည်း ရှိတယ်လို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် ဈေးကွက် ပိတ်ပြီးတဲ့အထိ ဘာတွေ ဖြစ်မလဲဆိုတာတော့ သူမသိဘူးလို့ နည်းပြအာမိုရင်က ထပ်ပြီး ပြောခဲ့တာပါ။ 

၂၀၂၃ ခုနှစ်က အတ္တလန်တာအသင်းကနေ ပေါင် ၇၂ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဟော့ဂျ်လန်းဟာ ယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၉၅ ပွဲ ကစားထားပြီး ၂၆ ဂိုး သွင်းယူထားပါတယ်။ 

ယူနိုက်တက်အသင်းဟာ ရာသီသစ်မတိုင်မီ အဲဗာတန်၊ ဖီအိုရင်တီးနားအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်သွားဦးမှာ ဖြစ်ပါတယ်။ 

Source: Metro