CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၉

ဒိန်းမတ်တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာရဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် သူကတော့ အသင်းမှာ နှစ်ပေါင်းများစွာကြာ ဆက်ရှိဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။

ဟော့ဂျ်လန်းက “ကျနော်ဟာ ၂၀၂၈ အထိ စာချုပ်ရှိတာကြောင့် ယူနိုက်တက်အသင်းမှာ ဆက်ပြီးကစားဖို့ မျှော်လင့်ထားပါတယ်။ အခုနွေရာသီ အားလပ်ရက် ဖြတ်သန်းမှာဖြစ်ပြီး ဒါပြီးရင်တော့ လက်ရှိသွားနေတဲ့ ပရောဂျက်ကို ကျနော် အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ယူနိုက်တက်အသင်းမှာ ဆက်ရှိဖို့နဲ့ ကောင်းမွန်တဲ့ ရာသီကြိုကို ရရှိဖို့ မျှော်လင့်ထားပါတယ်”လို့ ပြောခဲ့တာပါ။

ဒိန်းမတ်တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စီးရီးအေကလပ် အင်တာမီလန်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ခဲ့ပြီး သဘောတူညီမှုတောင် ရရှိခဲ့တယ်လို့ အီတလီသတင်းတွေက ဖော်ပြထားတာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့က အတ္တလန်တာအသင်းကနေ ပေါင်သန်း ၇၀ ကျော်နဲ့ ရောက်ရှိလာတဲ့ ဟော့ဂျ်လန်းဟာ ယူနိုက်တက် အသင်းကစားသမားဘဝ ပထမရာသီမှာ ပြိုင်ပွဲစုံ ၁၆ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ 

ဟော့ဂျ်လန်းကို တွေ့ရစဉ် 

ဒါပေမယ့် ဟော့ဂျ်လန်းဟာ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၄ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ် တစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေ တာကြောင့် ဟော့ဂျ်လန်းဟာ အသင်းကနေ ထွက်ခွာရဖို့ ရှိလာခဲ့တာပါ။ 

ဒီအချိန်မှာ အင်တာမီလန်အသင်းဟာ ဟော့ဂျ်လန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လာမယ့်ရာသီမှာ အငှားနဲ့ ခေါ်ယူကာ နောက်ရာသီမှာ ပေါင် ၃၈ သန်းနဲ့ အပြီးသတ် ဝယ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဒါပေမယ့် ဟော့ဂျ်လန်းကတော့ ယူနိုက်တက်အသင်းမှာ ဆက်ရှိဖို့ မျှော်လင့်နေတာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့အတွက် ဘရာဇီးလ်ကြယ်ပွင့် ကွန်ညာကို ခေါ်ယူထား ပြီး ဘရန်ဖို့ဒ်အသင်း တောင်ပံကစားသမား အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေတာဖြစ်ပါတယ်။ 

Source: Metro