CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁

ယူနိုက်တက်အသင်းက ဘုန်းမောက်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ Premier League Summer Series ပွဲစဉ်မှာ ဂိုးသွင်း၊ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တဲ့ ဘယ်နောက်ခံလူဒေါဂူကို နည်းပြအာမိုရင်က ချီးကျူးခဲ့ပါတယ်။

အာမိုရင်က “ဒေါဂူဟာ အသက် ၂၀ ပဲရှိသေးပြီး အထင်ကြီးစရာကောင်းခဲ့ပါတယ်။ သူဟာ ယူနိုက်တက်အသင်းမှာ အသားကျတဲ့ပုံစံဖြစ်လာခဲ့ပြီး အားကောင်းသလို သူ့ရဲ့နည်းစနစ်ကိုလည်း ဒီပွဲမှာလုပ်နိုင်ခဲ့ပါတယ်။ သူဟာ ခံစစ် ပိုင်းစွမ်းဆောင်ရည်လည်းကောင်းမွန်လာပြီး အစစအရာရာတိုးတက်လာခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ဒီပွဲက စွမ်းဆောင်ရည်ကို ကျနော်အလွန်နှစ်သက်တယ်”လို့ MUTV နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့က လက်ချီအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒေါဂူဟာ ခြေစွမ်းပိုင်းပုံမှန် ပြသ နိုင်ခြင်းမရှိလို့ ဝေဖန်မှုတွေခံခဲ့ရပေမယ့် ရာသီသစ်မတိုင်မီ ခြေစမ်းပွဲတွေမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒေါဂူဟာ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ အဖွင့်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူးဟော့ဂျ်လန်းရဲ့သွင်းဂိုးကို ဖန်တီးနိုင်ခဲ့ပြီး သူကိုယ်တိုင်လည်း အသင်းရရှိတဲ့ ဒုတိယမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းနည်းပြအာမိုရင်ဟာ ဘုန်းမောက်အသင်းနဲ့ပွဲစဉ်က အသင်းရဲ့စွမ်းဆောင်ရည်ကို ကျေနပ် နေပြီး ကစားသမားတွေဟာ ပွဲအပေါ်မှာရော လေ့ကျင့်ရေးကွင်းမှာလည်း အပြည့်အဝအာရုံစိုက်နေကြတယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ရုပ်ပိုင်းဆိုင်ရာလည်း တိုးတက်လာခဲ့ပြီး လုပ်စရာတွေအများကြီး ကျန်နေ ပေမယ့် ဒီလိုမျိုးကစားတာကို မြင်တွေ့ရတာကောင်းမွန်တယ်လို့ နည်းပြအာမိုရင်က ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ၂၀၂၅ Premier League Summer Series ပြိုင်ပွဲမှာ ၂ ပွဲစလုံးအနိုင်ရရှိထားပြီး နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ရလဒ်ကောင်းရင် ချန်ပီယံဆုကို ရယူနိုင်မှာဖြစ်ပါတယ်။ 

Source:manutd.com