CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁
အတ္တလန်တာအသင်း CEO က တိုက်စစ်မှူး လွတ်ခ်မန်းဟာ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာ ချင်နေပြီး အင်တာမီလန်အသင်းဟာ သူ့အတွက် ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ အတည်ပြုခဲ့ပါတယ်။
အင်တာမီလန်အသင်းဟာ လွတ်ခ်မန်းကို add-ons အပါအဝင် ပြောင်းရွှေ့ကြေးယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး အတ္တလန်တာအသင်းဟာ သူ့အတွက် ယူရိုသန်း ၅၀ တောင်းဆိုထားတာပါ။
ဆွေးနွေးမှုတွေ ရှိနေဆဲဖြစ်နေပေမယ့် ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး သဘောတူညီမှု မရရှိသေးတာ ဖြစ်ပါတယ်။
အင်တာမီလန်အသင်းဟာ သူတို့ရဲ့ကမ်းလှမ်းမှုကို အတ္တလန်တာအသင်းက ငြင်းဆန်မယ်ဆိုရင် ပြောင်းရွှေ့ကြေး ထပ်တိုးပြီး ကမ်းလှမ်းဖို့ မရှိဘူးလို့ သိရပါတယ်။
ဒီလိုသာဖြစ်ခဲ့ရင် လွတ်ခ်မန်းအနေနဲ့ သူပြောင်းရွှေ့ချင်နေတဲ့ အပြောင်းအရွှေ့ကို လက်လွှတ်ရမယ့် စိုးရိမ်စရာ ရှိနေတာပါ။
လွတ်ခ်မန်းရဲ့ အဖွဲ့ကတော့ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အနောက်ကွယ်ကနေ အတ္တလန်တာအသင်းကို တွန်းအားပေးနေပြီး အတ္တလန်တာအသင်းဟာ ယူရို ၄၈ သန်းရရင် ထွက်ခွာခွင့်ပေးဖွယ်ရှိတယ်လို့ Corriere della Sera က ဖော်ပြထားပါတယ်။
လွတ်ခ်မန်းကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်က လိုက်ပ်ဇစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ လွတ်ခ်မန်းဟာ အတ္တလန်တာအသင်း ယူရိုပါလိဂ်ဖလား ရခဲ့တာမှာ အဓိက အခန်းကဏ္ဍကပါဝင်ခဲ့တာပါ။
အတ္တလန်တာအသင်းဟာ လွတ်ခ်မန်းအတွက် ရရှိထားတဲ့ ကမ်းလှမ်းမှုကို သေချာအကဲဖြတ်ပြီး အဖြေပေးသွားမှာ ဖြစ်သလို ကစားသမားရဲ့ထွက်ခွာမှုတန်ဖိုးကို ကလပ်အသင်းကသာ ဆုံးဖြတ်တယ်လို့ CEO ပါကက်ဆီက ပြောခဲ့ ပါတယ်။
အတ္တလန်တာအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပြီးခဲ့တဲ့ရာသီက စီးရီးအေ ဂိုးသွင်းဘုရင် ရီတေဂူကို ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ကတ်ဒ်ဆီယာအသင်းထံ ရောင်းချထားတာပါ။
လွတ်ခ်မန်းဟာ အတ္တလန်တာအသင်းအတွက် ၁၁၇ ပွဲ ပါဝင်ကစားထားပြီး ၅၂ ဂိုး သွင်းယူထားပါတယ်။
လွတ်ခ်မန်းကတော့ အတ္တလန်တာနဲ့ အင်တာမီလန်အသင်းတို့ကြား အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
Source: Goal