CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆
လက်ချီအသင်းကို အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ လူစာရင်းထဲ ချန်လှပ်ခြင်းခံခဲ့ရတဲ့ လွတ်ခ်မန်းဟာ အတ္တလန်တာ အသင်းအတွက် ပြန်ပါဝင်နိုင်ဖို့ ခက်ခဲဖွယ်ရှိတယ်လို့ သတိပေးခံထားရပါတယ်။
နိုင်ဂျီးရီးယားကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က အင်တာမီလန်အသင်းထံ ပြောင်းရွှေ့နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းခဲ့တာကြောင့် အတ္တလန်တာအသင်းနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာပါ။
လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အတ္တလန်တာအသင်း အကြီးအကဲတွေနဲ့တွေ့ဆုံကာ ကလပ်အသင်းမှာ သူ့ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် လွတ်ခ်မန်းဟာ လက်ချီအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အတ္တလန်တာအသင်း လူစာရင်း ထဲမှာ ပါဝင်ခဲ့ခြင်း မရှိတာပါ။
လွတ်ခ်မန်းကို တွေ့ရစဉ်
အတ္တလန်တာအသင်း နည်းပြဂျူရစ်က “လွတ်ခ်မန်းကို ခေါ်မှာမဟုတ်ပါဘူး။ ဒါက ဆိုးရွားပြီး ကောင်းမွန်မှုမရှိတဲ့ အခြေအနေပါ။ ကျနော်တို့ဟာ တိုက်ပွဲဝင်စိတ်ဓါတ်၊ နှိမ့်ချမှု၊ ကြိုးစားအားထုတ်မှုနဲ့ အသင်းအတွက် ပေးဆပ်ဖို့ လိုပါတယ်။ ကျနော်တို့ရဲ့ ကစားသမားတွေဟာ ဒီလိုဖြစ်ဖို့လိုပြီး ကျနော်ဟာ မတူညီတဲ့ လူသားဆန်မှုအဆင့်ကို လိုချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
လွတ်ခ်မန်းဟာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ချင်တာကြောင့် အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့တာကို အတ္တလန်တာအသင်းက ငြင်းဆန်ခဲ့တာပါ။
အဲဒါကြောင့် လွတ်ခ်မန်းက အတ္တလန်တာအသင်းဟာ ပေးထားတဲ့ ကတိကို ချိုးဖောက်တယ်ဆိုပြီး စွပ်စွဲကာ လူသိရှင်ကြား ဝေဖန်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အတ္တလန်တာအသင်းကတော့ သူတို့ဟာ လွတ်ခ်မန်းကို အီတလီ မဟုတ်တဲ့ ကလပ်အသင်းတွေနဲ့သာ သတ်မှတ် ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းချဖို့ သဘောတူခဲ့တာလို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။
လွတ်ခ်မန်းဟာ တစ်ဦးတည်း လေ့ကျင့်မှုပြုလုပ်ပြီး အသင်းကို ဆန္ဒပြခဲ့ပေမယ့် အတ္တလန်တာအသင်းဟာ သူ့ကို ချန်ပီယံလိဂ် လူစာရင်းထဲ ထည့်သွင်းခဲ့သလို သူကလည်း နည်းပြ ဂျူရစ် လက်အောက်မှာ ပါဝင်ကစားနိုင်တယ်လို့ ပြောခဲ့တာပါ။
အတ္တလန်တာအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် PSG အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ လွတ်ခ်မန်း ပြန်ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: Goal