CNI Sport News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

အတ္တလန်တာအသင်း တိုက်စစ်မှူး လွတ်ခ်မန်းဟာ နည်းပြဂတ်စ်ပါရီနီနဲ့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် နွေရာသီမှာ စီးရီးအေကလပ်ကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ရာသီက အတ္တလန်တာအသင်း ယူရိုပါလိဂ်ဖလား ရရှိအောင် ဟက်ထရစ် ဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ကလပ်ဘရုဂျက်အသင်းနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တာကြောင့် နည်းပြရဲ့ဝေဖန်မှုကို ခံခဲ့ရတာပါ။ 

လွတ်ခ်မန်းဟာ ဒီပွဲမှာ လူစားလဲ ဝင်ရောက်လာပြီး အတ္တလန်တာအသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် နည်းပြဂတ်စ်ပါရီနီက သူ့ကို အဆိုးရွားဆုံး ပင်နယ်တီ ကန်သွင်းသူတွေထဲက တစ်ဦးလို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။ 

ဒါအပြင် လွတ်ခ်မန်းဟာ အတ္တလန်တာအသင်းရဲ့ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူ မဟုတ်တာကြောင့် ဒီလိုမျိုး ကန်သွင်းတာကို သူမနှစ်သက်ဘူးလို့လည်း ဂတ်စ်ပါရီနီက ပြောခဲ့တာပါ။

အတ္တလန်တာအသင်းကို တွေ့ရစဉ် 

အတ္တလန်တာအသင်းဟာ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်မှာ ကလပ်ဘရုဂျက် အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ 

လွတ်ခ်မန်းဟာ သူ့ကို ဝေဖန်ခဲ့တဲ့ နည်းပြရဲ့ပြောစကားအတွက် ဝမ်းနည်းမိတယ်လို့ ဝန်ခံပြီး သူ့ရဲ့ဆိုရှယ်မီဒီယာ မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ 

ဖာဘရီဇီယိုရိုမာနိုက လွတ်ခ်မန်းဟာ နည်းပြဂတ်စ်ပါရီနီနဲ့ သူ့ရဲအခြေအနေကို ရှင်းလင်းဖို့ ကြိုးစားမှာဖြစ်ပေမယ့် နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

အဲဒါကြောင့် လွတ်ခ်မန်းဟာ ရာသီအကုန်မှာ အတ္တလန်တာအသင်းကနေ ထွက်ခွာဖို့အစီအစဉ်ရှိနေပြီး အသင်းသစ်ရှာဖွေဖို့ စိတ်အားထက်သန်နေတာပါ။

အသက် ၂၇ နှစ်အရွယ်ရှိ လွတ်ခ်မန်းဟာ အတ္တလန်တာအသင်းအတွက် ပြိုင်ပွဲစုံ ၁၀၅ ပွဲပါဝင်ကစားထားပြီး ၄၇ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: Goal