CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇

ထိုင်းတွင် PE(Passport For Education) နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး Non-ED ဗီဇာဖြင့် ကာလတို သင်တန်းတက်ရောက်သည့် မြန်မာနိုင်ငံသားများအနေဖြင့် အခြားအထောက်အထားများ ပြုလုပ်ထားကြရန် ထိုင်းနိုင်ငံတွင် နေထိုင်သည့် မြန်မာများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းတွင် Non-ED ဗီဇာဖြင့် ကာလတိုသင်တန်းတက်ရောက်နေသည့် မြန်မာများအား စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ PE နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးခြင်းအား မဆောင်ရွက်ပေးတော့ကြေင်း ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။

နိုင်ငံကူးလက်မှတ်သက်တမ်းမတိုးပေးတော့ခြင်းသည် မြန်မာနိုင်ငံသို့ ပြန်ကြဟု ဆိုလိုသည့် အဓိပ္ပါယ်ဖြစ် ကြောင်း၊ ထို့ကြောင့် PE နိုင်ငံကူးလက်မှတ် သက်တမ်းမကုန်သေးပါက ထိုင်းမှထုတ်ပေးသည့် အခြား အထောက် အထားများ ပြုလုပ်ထားကြရန် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်း ဌာနသို့ ပြောသည်။

မြန်မာသံရုံးရှေ့တွင် လာရောက်စောင့်ဆိုင်းနေကြသည့် မြန်မာရွှေ့ပြောင်းများ

“ပြောချင်တာကတော့ ဒီလူတွေအားလုံးကို ပြည်တွင်းကို ပြန်လည်ဝင်ရောက်စေချင်တဲ့ ဆန္ဒပါ သူတို့က အဓိက ကတော့။ သူက အဲဒီလို extension မလုပ်ပေးဘူးဆိုရင်တော့ ဒီလူအားလုံးက ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်တဲ့ လူတွေ ဖြစ်ပြီးမှ အခက်အခဲတွေမြောက်များစွာ ကြုံတွေ့ရမှာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့ ပထမ ဝန်ကြီးချုပ် ဆရီသာလက်ထက်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကတိပေးထားတာတစ်ခုရှိတယ်။ အထောက်အထား မပြည့်စုံတဲ့လူတွေအားလုံးကို ထိုင်းနိုင်ငံမှာ နေထိုင် အလုပ်လုပ်ခွင့်လက်မှတ်တွေ ပြန်လည် ပြုလုပ်ပေးမယ်ဆိုပြီး ထွက်ထားတာရှိတယ်။ အဲဒါကလည်း ပြန်နောက်ဆုတ်သွားတယ်ဆိုတာက လတ်တလောမှာက ထိုင်းနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်တယ်၊ ဝန်ကြီးချုပ်တွေ အပြောင်းအလဲ လုပ်တယ် ဘာညာ ဆိုတော့ cabinet မှာ ထပ်မံဆွေးနွေးပြီး တင်ပြပေးရင်တော့ အထောက်အထားတစ်ခုခု ပြန်လည်လုပ်ဆောင်ပေးမယ်လို့ လုပ်သားတွေ က မျှော်လင့်နေကြပါတယ်” ဟု ၎င်းက ပြောသည်။

ယခင်က PE နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို ဘန်ကောက်ရှိ မြန်မာသံရုံးနှင့်၊ ချင်းမိုင်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး တို့တွင် နေ့ချင်းပြီးဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

သို့သော် ထိုင်းဘာသာစကားသင်တန်း၊ ဆရာများအတွက် အင်္ဂလိပ်စာသင်တန်း စသည့် ကာလတိုသင်တန်းများ အား Non-ED ဗီဇာ ရယူပြီး virtual format ပုံစံဖြင့် တက်ရောက်နေသည့် မြန်မာကျောင်းသား/ ကျောင်းသူ အလွန်များပြားလာသဖြင့် ၎င်းတို့အား PE နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို မဆောင်ရွက်ပေးတော့ ခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာသံရုံးရှေ့တွင် လာရောက်စောင့်ဆိုင်းနေကြသည့် မြန်မာရွှေ့ပြောင်းများ

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ၎င်းနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအနက် နစက အပေါ် ဆန့်ကျင် သည့်သူများ ပါနိုင်သည့်အတွက် တင်းကြပ်ခြင်းဖြစ်နိုင်ကြောင်းလည်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင် ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“တစ်ခုမဟုတ် တစ်ခုကိုတော့ သူတို့ ရွေးရတော့မှာပေါ့။ အိမ်ပြန်လို့ရမလား ရတယ်ဆိုရင် ပြန်၊ မရဘူးဆိုလည်း ဒီမှာတရားမဝင်နဲ့ပဲ ဆက်ပြီးနေတာ၊ ဒါမှမဟုတ်လည်း တက္ကသိုလ်၊ လုပ်ငန်းခွင်တစ်ခုခုမှာ အလုပ်ရအောင် လုပ်ပြီးတော့ ဆက်ရပ်တည်ပြီးနေပေါ့ ဒီလိုပဲရှိမှာ။ ဒါမှမဟုတ်လည်း အလုပ်သမား လူသစ်လျှောက်တဲ့အခါမျိုးမှာ သူတို့လုပ်မလား အဲဒီလိုပဲရှိမယ်။ ဒါတွေက သူတို့လုပ်မယ့်ဟာပဲလေ။ စစ်အစိုးရဘက်က တရစ်ချင်း တရစ်ချင်း သူတို့လုပ်သွားတာ။ သူတို့ပုံမှန်လုပ်တာ၊ ကျနော်တို့ဘက်က မပြင်ဆင်ထားတာ အလုပ်သမားတွေ ဒီဘက်ကပေါ့။ ဒီလိုဖြစ်လာနိုင်တဲ့ဟာကို မပြင်ဆင်ထားတာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိထိုင်းနိုင်ငံတွင် PE(Passport For Education) နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး Non-ED ဗီဇာဖြင့် နေထိုင်သည့် မြန်မာနိုင်ငံသားဦးရေမှာ အများပြားရှိကြောင်းလည်း သိရသည်။

ကာလတိုသင်တန်းတက်ရောက်နေသူများကို သက်တမ်းမတိုးပေးသော်လည်း ဘွဲ့ကြို၊ ဘွဲ့လွန် ကာလရှည် တက်ရောက်သည့် ကျောင်းသား/ကျောင်းသူများ၊ Primary နှင့် Secondary တက်ရောက်သည့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် သက်တမ်းတိုးမှုကို ယခင်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်သည်။