CNI International News

ပြုံယမ်း၊ မတ်လ ၂၈

လေးနှစ်ကျော်အတွင်း ပထမဆုံး တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်ပြီးနောက် ရက်ပိုင်းအကြာမှာပင် မြောက်ကိုရီးယား ခေါင်း ဆောင် ကင်မ်ဂျုံအန်းက နောက်ထပ် ပိုမိုအားကောင်းသည့် တိုက်ခိုက်ရေးနည်းလမ်းများ ဖန်တီး တီထွင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ၎င်း၏လက်နက်များကို ခေတ်မီစေရန် လုပ်ဆောင်နေပြီး ဘိုင်ဒန်အစိုးရကို ဖိအားတိုးမြှင့် လာစေရန် ရည်ရွယ်ချက်ဖြင့် မကြာမီ ဒုံးကျည်ထပ်မံပစ်လွှတ်ခြင်း (သို့မဟုတ်) စမ်းသပ်ခြင်း ပြုလုပ်ဦးမည်ဖြစ်ကြောင်း ပြောကြားလာခဲ့ သည်။

မတ်လ ၂၄ ရက်၌ မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ၎င်း၏ ၁၂ ကြိမ်မြောက် လက်နက်စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး အသစ် တပ်ဆင်ထားသည့် တာဝေး(တိုက်ချင်းပစ်) ဒုံးကျည်သစ် Hwasong-17 ကို ပစ်လွှတ်ခဲ့သည်။ ထိုဒုံးကျည်သည် အမေရိကန် နိုင်ငံအတွင်းရှိ မည်သည့်နေရာမဆို ထိမှန်နိုင်စေရန် တီထွင် ထုတ်လုပ်ထားကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့ သည်။

Hwasong-17 စမ်းသပ်မှုတွင် ပါဝင်သည့် သိပ္ပံပညာရှင်များနှင့် တခြားသူများကို ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ခဲ့ပြီး ကင်မ်ဂျုံအန်းသည် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန်အတွက် မိမိနိုင်ငံ၏ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ဖို့ သန္နိဋ္ဌာန်ချထား ကြောင်း မြောက်ကိုရီးယားအစိုးရအာဘော် KCNA က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်(KCNA)

“ကြောက်စရာကောင်းပြီး ထိရောက်တဲ့ လက်နက်စွမ်းရည် တပ်ဆင်ထားရင် ဘယ်သူမှ တားဆီးလို့မရတဲ့ အင်အားနဲ့ ကြီးမား တဲ့ စစ်ပွဲကို တားဆီးနိုင်သလို တိုင်းပြည်ရဲ့လုံခြုံရေးကို အာမခံချက်ပေးမှာ ဖြစ်ပါတယ်။ ဒါမှ နယ်ချဲ့တွေရဲ့ ခြိမ်းခြောက်မှုကို ထိန်းထားနိုင်မှာ ဖြစ်တယ်” ဟု ကင်မ်၏ ပြောကြားချက်ကို KCNA သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

ပမာဏအားဖြင့် ၂၅ မီတာ (၈၂ ပေ) အရှည်ရှိသည့် Hwasong-17 သည် မြောက်ကိုရီးယား၏ အကြီးမားဆုံး တိုက်ချင်းပစ် ဒုံးကျည်ဖြစ်သည့်အပြင် မည်သည့်နေရာမဆို သယ်ဆောင်ပစ်ခတ်နိုင်သည့် ကမ္ဘာ့အကြီးဆုံး တာဝေးပစ် ဒုံးကျည်ဟုလည်း အေပီသတင်းတွင် ရေးသားထားသည်။ ၎င်းဒုံးကျည်တွင် နျူကလီးယားထိပ်ဖူး တပ်ဆင်ထားပြီး အမေရိကန်နိုင်ငံအတွင်းသို့ ချိန်ရွယ်ပစ်ခတ်နိုင်စွမ်းရှိသည်။

မြောက်ကိုရီးယားကို မည်သည့် ကြိုတင်ကန့်သတ်ချက်မှ မပါဘဲ စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းပေါ် ပြန်တက်ဖို့ ဘိုင်ဒန် အစိုးရက တိုက်တွန်းခဲ့သော်လည်း ပြုံယမ်းဘက်က မိမိတို့နိုင်ငံအား အထီးကျန်စေဖို့ အရေးယူမှုများ ဦးစွာဖယ်ရှားပေးရန် ဝါရှင်တန်သို့ တောင်းဆိုထားသည်။

Source: AP